တာချီလိတ်အွန်လိုင်းငွေလိမ်ဂိုဏ်းက တရုတ်နိုင်ငံသား ၃ဝဝ နီးပါးကို ဖမ်းဆီး
2024.07.01

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်မှာ တရားမဝင်အွန်လိုင်းလောင်းကစားလုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၂၉၅ ဦးကို ဇွန်လ ၂၈ ရက်နေ့က ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီက ဇူလိုင် ၁ ရက်က သတင်းထုတ်ပြန်ပါတယ်။
တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်မှာရှိတဲ့ နေအိမ်တစ်လုံးမှာ တရားမဝင် အွန်လိုင်းလိမ်လည်မှု (ကျားဖျန့်) လုပ်နေတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၂၈၈ ဦးနဲ့ အမျိုးသမီး ခုနစ်ဦး စုစုပေါင်း ၂၉၅ ဦးကို စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဇွန်လ ၂၈ ရက်နေ့ ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။
ဒီလူတွေနဲ့ အတူ အွန်လိုင်းငွေလိမ်ရာမှာအသုံးပြုတဲ့ဖုန်းတွေ၊ ဆက်စပ်ပစ္စည်းတွေလည်း သိမ်းဆည်းလိုက်တယ်လို့ စစ်ကောင်စီ အာဘော်မီဒီယာတွေကနေ ကြေညာလိုက်တာပါ။ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်ဖို့ ဒီတရုတ်နိုင်ငံသားတွေဟာ အထောက်အထားမရှိဘဲ တရားမဝင်ဝင်ရောက်လာတာလို့လည်း ပြောပါတယ်။
အလားတူ ဇွန်လ ၂၇ ရက်နေ့ကလည်း မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်ရှိ နေအိမ်တစ်လုံးမှာ တရားမဝင်အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၂ ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီအွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားတွေကို တည်ဆဲဥပဒေအရ အရေးယူမယ်လို့လည်း ဆိုပါတယ်။
တာချီလိတ်မြို့မှာ အွန်လိုင်းလိမ်လည်မှု (ကျားဖျန့်) လုပ်နေတဲ့ တရုတ်နိုင်ငံသား ၁၅ဝ ကို ဖမ်းဆီးခဲ့တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဌာနထုတ်ပြန်ချက်ကို ဆင်ဟွာသတင်းမှာ ကိုးကားပြီး ဇွန်လ ၁၉ ရက်က ဖော်ပြခဲ့ပါတယ်။ အဲဒိလူတွေထဲမှာ တရားခံပြေး ၁၄ ဦးလည်း ပါဝင်တယ်လို့ တရုတ်အစိုးရက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တာချီလိတ်က အွန်လိုင်းလိမ်လည်ရေး စခန်း ၁၀ ခုကို စစ်ကောင်စီက စီးနင်းဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် ကျားဖျန့်လုပ်ငန်းကြီးတချို့ ရပ်နားသွားပေမဲ့ အွန်လိုင်းဂိမ်းအမည်ခံ လောင်းကစားရုံတွေ နေရာတချို့မှာ ပြန်ပြီးလုပ်လာကြတယ်လို့ တာချီလိတ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကစလို့ ဖမ်းဆီးမိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်တဲ့ တရုတ်နိုင်ငံသား ငါးသောင်းနီးပါး (၄၉,ဝဝဝ) ကို တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပေးခဲ့တယ်လို့ တရုတ်ပြည်သူ့လုံ ခြုံရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။