တရုတ်သရုပ်ဆောင် လူကုန်ကူးခံရမှု အဓိကသံသယရှိသူကို ဖမ်းမိကြောင်း တရုတ်ပြော

RFA Burmese
2025.01.27
တရုတ်သရုပ်ဆောင် လူကုန်ကူးခံရမှု အဓိကသံသယရှိသူကို ဖမ်းမိကြောင်း တရုတ်ပြော ထိုင်းမြန်မာနယ်စပ်တွင် ပျောက်ဆုံးခဲ့သည့် တရုတ်သရုပ်ဆောင် Wang Xing ခေါ် Xingxing အား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်ခရိုင်ရဲစခန်းတွင် တွေ့ရစဉ်။
hoto : Royal Thai Police/ REUTERS

ထိုင်းနိုင်ငံမှာ ဇာတ်ကားရိုက်ကူးမယ်လို့ လိမ်လည်ခေါ်ဆောင်ပြီး မြန်မာနိုင်ငံထဲ လူကုန်ကူးခံခဲ့ရတဲ့ တရုတ်သရုပ်ဆောင်အမှုအတွက် အဓိကသံသယရှိသူကို ဖမ်းမိထားကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနက ပြောလိုက်ပါတယ်။

ထိုင်းနိုင်ငံက တရားရေးဌာနအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းကူညီမှုနဲ့ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ကြောင်း တနင်္ဂနွေနေ့က ပြောကြားလိုက်တာပါ။

ဖမ်းမိထားသူရဲ့ မျိုးရိုးနာမည်က ယမ် ဖြစ်ပြီး စနေနေ့က တရုတ်နိုင်ငံကို ပြန်ရောက်သွားတယ်လို့ ဆိုပါတယ်။ သူနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကိုတော့ ပြောဆိုထားတာမရှိပါဘူး။

တရုတ်နိုင်ငံအနေနဲ့ ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ဖို့ သက်ဆိုင်ရာနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ တိုးမြှင့်သွားမှာဖြစ်ကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို အမြစ်ပြတ်ချေမှုန်းဖို့ တရုတ်၊ ထိုင်းနဲ့ မြန်မာနိုင်ငံက တာဝန်ရှိသူတွေ ပြီးခဲ့တဲ့ သီတင်းပတ်က သဘောတူခဲ့ကြတာပါ။

ဒါ့အပြင် ထိုင်း၊ မြန်မာနဲ့ ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စုံစမ်းဖော်ထုတ်‌နှိမ်နင်းရေးအတွက် ဘန်ကောက်မှာ ပူးပေါင်းစင်တာတစ်ခု တည်ထောင်ဖို့ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ သဘောတူခဲ့ကြကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။