ငွေလိမ်လုပ်ငန်းလုပ်ကိုင်ကြောင်း သံသယရှိသူ ၈၀၇ ဦးကို တရုတ်-မြန်မာ ပူးပေါင်းဖမ်းဆီး
2024.04.01

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာရှိတဲ့ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို တရုတ်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပထမဆုံးအကြိမ် ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ သံသယရှိသူ ၈၀၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (MPS) က ဧပြီ ၁ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ဖမ်းဆီးရမိသူတွေထဲမှာ တရုတ်နိုင်ငံသား ၃၅၂ ဦးနဲ့ မြန်မာနိုင်ငံသား ၄၅၅ ဦး ပါဝင်ပါတယ်။ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားတွေထဲက ၂၁ ဦးကို အွန်လိုင်းငွေလိမ်ဂိုဏ်းရဲ့ အဓိက အဖွဲ့ဝင်တွေလို့ သတ်မှတ်ထားပြီး သံသယရှိသူ ၅၁ ဦးက ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ၃၅၂ ဦးကို မတ်လ ၃၁ ရက်နေ့က တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးလိုက်ပါတယ်။ တရုတ်-မြန်မာရဲတပ်ဖွဲ့တို့ မူဆယ်မြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဝင်ရောက်ဖမ်းဆီးချိန်အတွင်း ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနဲ့ လိမ်လည်မှုနဲ့ ဆိုင်တဲ့ စာရွက်တွေကို သိမ်းဆည်းရမိခဲ့ပါတယ်။
မူဆယ်မြို့က ငွေလိမ်ဂိုဏ်းတွေ မတ်လ ၂၈ ရက်နေ့ကနေ ၃၁ ရက်နေ့အတွင်း တရုတ်-မြန်မာရဲတပ်ဖွဲ့ ပူးပေါင်းပြီး ဝင်ရောက် ဖမ်းဆီးအရေးယူခဲ့တာဖြစ်ကြောင်း စစ်ကောင်စီက ဧပြီ ၁ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ရေးလုပ်ငန်းတွေကို အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း စစ်ကောင်စီက ပြောပါတယ်။
၂၀၂၃ ခုနှစ်က စတင်ပြီး ရှမ်းပြည်နယ်မှာရှိနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်ကြောင်း သံသယရှိသူ ၄၈ဝဝဝ ကို မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့ပါတယ်။