အမေရိကန် NDAA ဥပဒေကို တရုတ် အပြင်းအထန်ကန့်ကွက်
2022.12.24
ဒီမိုကရေစီလှုပ်ရှားသူတွေကို ထောက်ပံ့ကူညီမယ့် အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ NDAA ကို သမ္မတဂျိုးဘိုင်ဒင် က ဒီဇင်ဘာ ၂၃ ရက်နေ့က အတည်ပြု လက်မှတ်ရေးထိုး ခဲ့တဲ့အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အပြင်းအထန်ဝေဖန် ကန့်ကွက်လိုက်ပါတယ်။
ဒီအက်ဥပဒေမှာ တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး အပျက်သဘောဆောင်တဲ့ အကြောင်းအရာတွေ ပါဝင်ပြီး တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးနဲ့ အချုပ်အခြာအာဏာကို တိုက်ရိုက်ထိပါး စော်ကားထားတယ်လို့ ဆိုပါတယ်။ ဒါဟာ တရုတ်နိုင်ငံအပေါ် ပြင်းထန်တဲ့ ရန်စမှုတစ်ခုလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒီဥပဒေမှာ ထိုင်ဝမ်နိုင်ငံအတွက် အရေးပေါ်လိုအပ်လာရင် ဒေါ်လာ ၁ဝ ဘီလီယံ တန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ ကာကွယ်ရေးအကူအညီတွေကို အမြန်ဆုံးပေးရမယ်လို့ ပါရှိပါတယ်။
ဒါဟာ ထိုင်ဝမ်ရေလက်ကြားတလျှောက် တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ပြင်းထန်စွာ ထိခိုက်စေကြောင်း၊ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်ဖြစ်ကြောင်း၊ တရုတ်ရဲ့ပြည်တွင်းရေးကို ဘယ်ပြည်ပနိုင်ငံကမှ ဝင်ရောက်စွက်ဖက်တာကို သည်းခံမှာ မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
အမေရိကန်အစိုးရအနေနဲ့ ဒီဥပဒေထဲက အနုတ်သဘောဆောင်တဲ့ တရုတ်နဲ့ပတ်သက်တဲ့ ပုဒ်မတွေကို အကောင်အထည်မဖော်ဖို့ နဲ့ တရုတ်နိုင်ငံအနေနဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ နိုင်ငံ့စီးပွား တိုးတက်ရေးကို ကာကွယ်ဖို့ ခိုင်မာပြတ်သားတဲ့ အစီအမံတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။