ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်အစိုးရ ဖိတ်ကြားမည်


2014.01.26
nld-china-305.jpg တရုတ်နိုင်ငံကိုသွားမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်များကို မေလ ဂ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လိုက်ပါပို့ဆောင်သူများနဲ့ အတူ တွေ့ရပုံ
photo: RFA/ Thiha Htun

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ကို တရုတ်အစိုးရက တရားဝင်အလည်အပတ် ဖိတ်ကြားဖို့ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟိုးလန် Yang Houlan က ပြောကြားတယ်လို့ တနင်္ဂနွေနေ့ထုတ် South China Morning Post သတင်းစာမှာ ဖေါ်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီလိုလာရောက်ဖို့အတွက် ဘယ်တော့ ဖိတ်ကြားမယ် ဆိုတာ အတိအကျ မပြောနိုင်သေးပေမယ့် တရုတ် အစိုးရဖက်ကရော ဒေါ်အောင်ဆန်းစုကြည်ဖက်ကပါ နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့အချိန်မှာ ဖြစ်ပါ လိမ့်မယ်လို့ တရုတ်သံအမတ်ကြီးက ပြောပါတယ်။ ဒါ့အပြင် သံအမတ်ကြီးက ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရရှိသူဖြစ်ရုံမက မြန်မာလူထုရဲ့ ချစ်ခင်မှုကိုလည်း ရရှိနေသူဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ သူတာဝန် စတင်ထမ်းဆောင်ချိန်ကစပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြိမ်ကြိမ်တွေ့ဆုံခဲ့ကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့တရုတ်နိုင်ငံကို သွားရောက်လည်ပတ်လိုကြောင်း၊ ဒါပေမယ့် တရုတ်အစိုးရအနေနဲ့ တရားဝင်ဖိတ်ကြားဖို့လိုကြောင်း RFA ကို ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ဒီကနေ့ထုတ်တဲ့ တရုတ်သတင်းစာမှာတော့ အစိုးရတစ်ပိုင်းအဖွဲ့တွေ အရင်က ဖိတ်ကြားခဲ့တာကို ဒေါ်အောင်ဆန်းစုကြည် က ငြင်းပယ်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။  ဒါ့အပြင် တရုတ်သံအမတ်ကြီး ယန်ဟိုးလန်က သူတို့အစိုးရအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် မြန်မာပြည်က နိုင်ငံရေးပါတီအားလုံးနဲ့ ဆက်ဆံရေးကို ဆက်လက်ထူထောင်မှာဖြစ်တယ်လို့ ပြောဆိုကြောင်းလည်း ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။