တရုတ်စီမံကိန်းတွေအနီး တိုက်ပွဲဖြစ်ပွားမှု ထက်ဝက်ကျော်လျော့ကျ

RFA Burmese
2023.06.30
တရုတ်စီမံကိန်းတွေအနီး တိုက်ပွဲဖြစ်ပွားမှု ထက်ဝက်ကျော်လျော့ကျ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ရွှေသဘာဝဓာတ်‌ငွေ့ပိုက်လိုင်းစီမံကိန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ကတွေ့ရစဉ်။
RFA

ပြီးခဲ့တဲ့ တစ်နှစ်ကျော်အတွင်း တရုတ်စီမံကိန်းတွေအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားမှု ထက်ဝက်ကျော် လျော့ကျသွားတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ISP-Myanmar က ဇွန်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်းမှာ တရုတ်စီမံကိန်းတွေရှိတဲ့ မြို့နယ် ၆၁ မြို့နယ်မှာ တိုက်ပွဲ ၂၂၄၈ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ခဲ့တယ်လို့ ISP ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ မတ်လကုန်အထိ ပထမ ၁၄ လတာမှာ တိုက်ပွဲ ၁၄၈၆ ကြိမ် ဖြစ်ပွားခဲ့ပေမဲ့ ဒုတိယ ၁၄ လဖြစ်တဲ့ ၂၀၂၂ ဧပြီလကနေ မေလကုန်အထိမှာတော့ တိုက်ပွဲ ၇၆၂ ကြိမ်သာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအချက်အလက်တွေအရ တရုတ်စီမံကိန်းတွေအနီးတဝိုက် တိုက်ပွဲဖြစ်ပွားတာ ထက်ဝက်ကျော် လျော့ကျသွားတယ်လို့ ISP Myanmar က ဖော်ပြထားတာပါ။

စစ်ကောင်စီ အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်ကာလမှာ တစ်နိုင်ငံလုံးအနှံ့ တိုက်ပွဲပေါင်း ၉၅၀၀ ကျော်ဖြစ်ပွားခဲ့ပြီး တရုတ်-မြန်မာ စီးပွားရေး စင်္ကြံစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ စီစဥ်ထားတဲ့နေရာတွေ၊ အခြားတရုတ်စီမံကိန်းတွေ အကောင်အထည်ဖော်နေတဲ့ ပြည်နယ်နဲ့ တိုင်း ၁၂ ခုက မြို့နယ် ၆၁ မြို့နယ်မှာ တိုက်ပွဲ ၂,၂၄၈ ကြိမ်ထက်မနည်း ဖြစ်ခဲ့တယ်လို့ ပါရှိပါတယ်။

ဒီစာရင်းတွေအရ တစ်နိုင်ငံလုံး တိုက်ပွဲစုစုပေါင်းရဲ့ ၂၃ ရာခိုင်နှုန်းကျော်ဟာ တရုတ်စီမံကိန်းတွေရှိတဲ့ မြို့နယ်တွေမှာ ဖြစ်ခဲ့တာပါ။ တရုတ်-လာအို-ထိုင်း-မြန်မာ လေးနိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖြတ်သန်းရာ ကရင်ပြည်နယ်မှာ ၁,၀၉၆ ကြိမ်ထက်မနည်း အများဆုံး တိုက်ပွဲဖြစ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းတွေရဲ့ ဆုံချက်ဖြစ်တဲ့ ရှမ်းပြည်နယ်အတွင်းမှာ ပထမ ၁၄ လတာအတွင်း တိုက်ပွဲပေါင်း ၁၅၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပေမဲ့ ဒုတိယ ၁၄ လတာ အတွင်းမှာတော့ တိုက်ပွဲပေါင်း ၇၇ ကြိမ်ထက်မနည်းသာ ဖြစ်ပွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။