ကလေးတစ်ဦးအပါအဝင် တမူးမြို့နယ်က ချင်းလူငယ်သုံးဦး စစ်ကြောရေးမှာ သေဆုံး

RFA Burmese
2023.01.27
ကလေးတစ်ဦးအပါအဝင် တမူးမြို့နယ်က ချင်းလူငယ်သုံးဦး စစ်ကြောရေးမှာ သေဆုံး ၂၀၂၁ ခုနှစ်၊ မတ်လ ၇ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား တမူးမြို့တွင် တွေ့ရစဉ်။
မြင့်ဇော် - ဖေ့စ်ဘွတ်

ဇန်နဝါရီ ၂၃ ရက် ညနေပိုင်းက အဖမ်းခံရတဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်က အသက်မပြည့် သေးတဲ့ ကလေးတစ်ဦး အပါအဝင် ချင်းတိုင်းရင်းသား လူငယ်သုံးဦးဟာ စစ်ကောင်စီ တပ်သားတွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ဇန်နဝါရီ ၂၄ ရက် နေ့လယ်ပိုင်းမှာ သေဆုံးသွား ကြောင်း စစ်တပ်နဲ့ နီးစပ်သူတချို့ကို ကိုးကားပြီး ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါ တယ်။

သေဆုံးသူတွေဟာ ချောင်းနက်ကြီးရွာက အသက် ၁၄ နှစ်အရွယ် ကိုငမ်းမင်းဟောင်၊ အသက်၂၀ အရွယ် ကိုရွှေမင်းထန်နဲ့ ကျွန်းပင်သာရွာက အသက် ၂၅ နှစ်အရွယ် ကိုလမင်းထန်တို့ ဖြစ်ပါတယ်။

သူတို့ သုံးဦးဟာ ဇန်နဝါရီ ၂၃ ရက် ညနေပိုင်းက တမူးမြို့နယ် ကျွန်းပင်သာရွာကနေ တမူးမြို့ပေါ်ကို ဆိုင်ကယ်နဲ့အသွား မြို့အဝင်က ကွန်းတောင်း စစ်တပ်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာလို့ ဒေသခံ တွေက ပြောပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ထဲမှာပဲ လူငယ်တွေကို ၂၃ ရက် တစ်ညလုံးနဲ့ ၂၄ ရက်မနက်ပိုင်းအထိ ရိုက်နှက်စစ်ဆေးနေကြောင်း၊ လူငယ်တွေရဲ့ အော်ဟစ်ငိုယိုသံတွေကို ကြားရကြောင်းနဲ့ နေ့လယ်ပိုင်းမှာတော့ ရုပ်အလောင်းတွေအဖြစ် တန်းစီထားတာကို မြင်တွေ့ခဲ့ရကြောင်း စစ်တပ်ဂိတ်နဲ့ နီးစပ်သူတွေကို ကိုးကားပြီး ဒေသခံတွေက ပြန်ပြောပြပါတယ်။

၂၅ ရက်နေ့မှာ လူငယ်တွေရဲ့ ရုပ်အလောင်းတွေကို ပြန်ပေးဖို့ မိသားစုက သွားတောင်းခဲ့ ပေမယ့် ပြန်မပေးဘဲ လူငယ်တွေကို ဖမ်းမထားဘူးလို့သာ တာဝန်ကျ စစ်သားတွေက လိမ်ညာပြောဆိုခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက RFA ကို ပြောပါ တယ်။

"လူငယ်တွေက ၂၃ ရက်နေ့ နေ့လယ်ထဲက ရွာက ထွက်သွားကြတာပေါ့။ ဆိုင်ကယ် နှစ်စီး လူသုံးယောက်ပေါ့၊ အဲဒါကို ကွန်းတောင်းစစ်ဆေးရေးဂိတ်က တားပြီး အကြောင်းပြချက်မရှိ ဖမ်းတာ၊ ဖမ်းပြီး နှိပ်စက်တာ လက်လွန်သွားပြီး လက်စဖျောက် တယ်၊ ၂၄ ရက်နေ့မှာ ဆုံးပြီဆိုတဲ့ သတင်းလည်း ကြားတယ်။ ၂၅ ရက်နေ့မှာ မိသားစုဝင် တွေက အလောင်း သွားတောင်းတယ်၊ ဖမ်းမထားဘူးလို့ လိမ်ပြောတယ်၊ ဒါပေမဲ့ သူတို့ ဂိတ်က ဖမ်းလိုက်တာကို မြင်ထားတဲ့ သက်သေတွေ ရှိပါတယ်"

ကွန်းတောင်း စစ်ဆေးရေးဂိတ်ကို တမူးမြို့ကနေ ရှစ်မိုင်အကွာမှာ ဖွင့်ထားပြီး ချင်း ပြည်နယ် ဟားခါးအခြေစိုက် ခလရ-၂၆၆ တပ်ရင်းက စစ်တပ်အရာရှိနဲ့ စစ်သားတွေက စစ်ဆေးနေတာပါ။ တမူးမြို့ကို ဝင်၊ ထွက်မယ့် ကုန်ပစ္စည်းနဲ့ လူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ လူငယ်သုံးဦးသေဆုံးတာနဲ့ ပတ်သက်လို့ RFA က မိသားစုဝင်တွေကို ကြိုးစားဆက် သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း ပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင် ကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီ ၂၆ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း နိုင်ငံတစ်ဝန်းက ပြည်သူ ၂၈၉၂ ဦး သေဆုံးပြီး၊ ၁၃,၆၈၀ ဦး ဖမ်းဆီးခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။