ဝိုင်းမော်မှာ မြေမြှုပ်မိုင်းကြောင့် ကလေးတစ်ဦး ဒဏ်ရာရ

RFA Burmese
2023.12.28
ဝိုင်းမော်မှာ မြေမြှုပ်မိုင်းကြောင့် ကလေးတစ်ဦး ဒဏ်ရာရ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် ကလေးငယ်အား မြစ်ကြီးနားဆေးရုံတွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့ကတွေ့ရစဥ်။
Kachin News Group

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ဒီဇင်ဘာလ ၂၆ ရက်နေ့က စစ်ကောင်စီတပ် ခလရ (၅၈) တပ်ရင်းအနီး မြေမြှုပ်မိုင်း ပေါက်ကွဲတာကြောင့် ၁၂ နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒဏ်ရာရသူက ၀ိုင်းမော်မြို့နယ် မဒိန်ရွာသား မောင်လွမ်းခမ်ဖြစ်ပြီး မိုင်းဒဏ်ရာကြောင့် မြစ်ကြီးနားဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ညနေပိုင်းမှာ နွားသွားမောင်းတာ ဟုတ်တယ်။ သူ သွားမောင်းရင်းနဲ့ ကဝါခချောင်း နားမှာ နွားက မိုင်းနင်းမိလို့ ထိတာဟုတ်တယ်။ ကလေးက အခု မြစ်ကြီးနား ဆေးရုံမှာ ရောက်နေကြတယ်။ ခြေထောက်တွေမှာ မိုင်းအစတွေ အများကြီး ထိတယ်လို့ ပြောတယ်။ နွားနှစ်ကောင်လည်း သေသွားတယ်”

စစ်ကောင်စီတပ် ခလရ (၅၈) တပ်ရင်းက မဒိန်ကျေးရွာနဲ့ ခကွမ်ကျေးရွာအနီးမှာရှိတဲ့ တပ်စခန်းဖြစ်ပါတယ်။

ဝိုင်းမော်မြို့နယ် ဝူယာန်ရွာမှာလည်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်က မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကို ဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်လို့ ကလေးငယ်တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

UNICEF MYANMAR ရဲ့ နိုဝင်ဘာလက ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ စက်တင်ဘာလထိ ကိုးလအတွင်း နိုင်ငံတစ်ဝန်းမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် သေဆုံးသူ ၁၅၃ ဦးနဲ့ ဒဏ်ရာရသူ ၇၀၅ ဦး ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီသေဆုံးထိခိုက်သူတွေရဲ့ ၂၂ ရာခိုင်နှုန်းက ကလေးတွေဖြစ်ကြတယ်လို့လည်း UNICEF MYANMAR က ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။