အမည်ပျက်စာရင်းသွင်းခံရမှုအတွက် မစိုးရိမ်ကြောင်း ဗဟိုဘဏ်တုံ့ပြန်
မြန်မာနိုင်ငံက နိုင်ငံတကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ FATF ရဲ့ အမည်ပျက်စာရင်း ထည့်သွင်းခံရတာဟာ နိုင်ငံအတွက် စိုးရိမ်ဖွယ်ရာအခြေအနေမဟုတ်ကြောင်းနဲ့ ဒီကိစ္စကို အကြောင်းပြုပြီး ငွေကြေးဈေးကွက်မှာ မသမာတဲ့လုပ်ရပ်တွေ မလုပ်ကြဖို့ ဗဟိုဘဏ်က အောက်တိုဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံဟာ ၂ဝ၁၁ ကနေ ၂ဝ၁၆ ခုနှစ်အတွင်း အမည်ပျက်စာရင်းထဲ ရှိနေရာကနေ လွတ်မြောက်ခဲ့တဲ့ အတွေ့အကြုံတွေအရ အခုလည်း ဒီစာရင်းကနေ လွတ်မြောက်ဖို့ လာမယ့်တစ်နှစ်အတွင်း စီမံချက်ချ ဆောင်ရွက်သွားမယ်လို့လည်း ဗဟိုဘဏ် ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံအတွက် စိုးရိမ်စရာအခြေအနေ မဟုတ်လို့ ပြည်သူတွေ မစိုးရိမ်ကြဖို့ ဗဟိုဘဏ်က ပြောနေပေမယ့် နိုင်ငံရေး၊ စီးပွားရေး ကျွမ်းကျင်သူတွေကတော့ ဒီလို အမည်ပျက်စာရင်း ထည့်ခံရတာဟာ စစ်ကောင်စီတင်မကဘဲ ပြည်သူလူထုအတွက်ပါ ထိခိုက်မယ့်အခြေအနေ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
နိုင်ငံရေး၊ စီးပွားရေးလေ့လာသုံးသပ်သူ ကိုကြည်စင်က “နိုင်ငံတကာက ငွေချေတာ ငွေလွှဲတာ ခက်ခဲမယ်။ ပြည်ပသွင်းကုန်တွေ ရှားပါးလာမယ်၊ ပြည်ပကပို့ကုန်တွေမှာ ကုန်ဈေးနှုန်းတွေ တက်လာဖို့ရှိတယ်။ ဒေါ်လာဈေးက ဒီလိုအခြေအနေမှာ ပြည်ပမှာရော နိုင်ငံတကာငွေကြေး ဈေးကွက်မှာရော ဖြစ်လေ့ဖြစ်ထရှိတဲ့ပုံစံတွေအရ ဈေးမတည်မငြိမ်ဖြစ်တာတွေ ရှိသလို၊ ဒီလိုအကျပ်အတည်း ကာလမှာ ပြည်တွင်းကနေ ဈေးကစားတဲ့သူတွေကြောင့်ရော ပိုဆိုးလာနိုင်တာပေါ့။” လို့ ပြောပါတယ်။
မြန်မာနိုင်ငံဟာ မြောက်ကိုးရီးယား၊ အီရန်နိုင်ငံပြီးရင် တတိယမြောက်နိုင်ငံအဖြစ် အမည်ပျက်စာရင်း ထည့်သွင်းခံရတာဖြစ်ပါတယ်။
အောက်တိုဘာ ၂၁ ရက်နေ့က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း ထည့်သွင်းကြောင်း FATF က ကြေညာလိုက်တဲ့နောက် ပြည်တွင်းမှာ ရွှေဈေးနဲ့ ဒေါ်လာဈေး ချက်ချင်းတက်သွားပြီး အရောင်းအဝယ်တွေ ရပ်ဆိုင်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။