နိုင်ငံတကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ အမည်ပျက်စာရင်းမှာ မြန်မာဆက်ရှိနေ
2025.02.22

နိုင်ငံတကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (Financial Action Task Force-FATF) ရဲ့ အမည်ပျက်စာရင်းမှာ မြန်မာနိုင်ငံဟာ ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ်ဆက်ရှိနေပြီးလာမဲ့ ဇွန်လအထိ ဒီအခြေအနေကနေ မတိုးတက်လာရင် နောက်ထပ်အရေးယူတာတွေ ချမှတ်သွားမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၁၇ ရက်ကနေ ၂၁ ရက်နေ့အထိ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပတဲ့ FATF အစည်းအဝေးမှာ မြန်မာနိုင်ငံကို အီရန်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေနဲ့အတူ ငွေကြေးခဝါချမှုနဲ့ ရာဇဝတ်မှုဆိုင်ရာ ဘဏ္ဍာရေး အမည်ပျက်နိုင်ငံအဖြစ် ဆက်ထားဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနဲ့ လူအများအပြားသေကျေစေတဲ့ လက်နက်တွေပြန့်ပွားအောင် ငွေကြေးထောက်ပံ့နေတာတွေကို နိုင်ငံတကာစံနှုန်းတွေအပြင် FATF အကြံပြုချက်တွေနဲ့အညီ အကောင်အထည်ဖော်တိုက်ဖျက်ဆောင်ရွက်နေကြောင်း ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
အစည်းအဝေးဆုံးဖြတ်ချက်အရတော့ မြန်မာနိုင်ငံရဲ့ အကောင်အထည်ဖော်ဆောင်ရွက်ချက်တွေဟာ နှေးကွေးနေပြီး FATF ချမှတ်ထားတဲ့ လိုအပ်ချက်တွေကို အပြည့်အစုံလိုက်နာမှုမရှိဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ဆောင်ချက်တွေ အားနည်းနေတဲ့အပေါ် ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တာကြောင့် ၂၀၂၂ ခုနှစ် အေက်တိုဘာ ၂၁ ရက်နေ့မှာ FATF က အမည်ပျက်စာရင်းထည့်သွင်းခဲ့တာပါ။
ပြင်သစ်အခြေစိုက် နိုင်ငံတကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (FATF) ကို ၁၉၈၉ ခုနှစ်က ပါရီမြို့မှာ ကျင်းပတဲ့ G-7 စက်မှုထိပ်သီး ခုနစ်နိုင်ငံ အစည်းအဝေးမှာ စတင် ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကမ္ဘာတစ်ဝန်း ငွေကြေးခဝါချမှုတွေကို သတိထားစောင့်ကြည့်ခဲ့တာပါ။ ၂၀၀၁ ခုနှစ် အောက်တိုဘာကစလို့ FATF ကို တိုးချဲ့ဖွဲ့စည်းခဲ့ပြီး အကြမ်းဖက်အဖွဲ့တွေအပေါ် ငွေကြေးထောက်ပံ့မှုကိုပါ စောင့်ကြည့်အရေးယူနေတာ ဖြစ်ပါတယ်။