ကာချုပ်ကို ဗြိတိန်က စီးပွားရေးပိတ်ဆို့တာ နိုင်ငံရေးရည်ရွယ်ချက်လို့ တပ်မတော်ဘက်က တုံ့ပြန်
2020.07.07
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယ - ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ကို ဗြိတိန်အစိုးရက စီးပွားရေးအရေးယူပိတ်ဆို့လိုက်တယ်လို့ ဇူလိုင်လ ၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
ကမ္ဘာမှာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်လို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့သူတွေနဲ့ အဖွဲ့အစည်းတွေကို ဦးတည်အရေးယူတာလို့ ဗြိတိန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဗြိတိန်ကကြေညာတဲ့စာရင်းမှာ ရုရှားနိုင်ငံက ၂၅ ယောက်၊ ဆော်ဒီအာရေးဗျက အယောက် ၂၀၊ မြန်မာနိုင်ငံက ၂ ယောက်နဲ့ မြောက်ကိုရီးယားက အဖွဲ့ ၂ ဖွဲ့ဖြစ်ပါတယ်။
ရုရှားက လူတွေကိုတော့ ရဲအရာရှိတွေနဲ့ အခွန်ဌာနက လာဘ်စားမှုတွေကို ဖော်ထုတ်လို့ အရေးယူအသတ်ခံရတဲ့ စာရင်းစစ် ဆာဂျီမနစ်စကီးကိစ္စအတွက် ဖြစ်ပြီး၊ ဆော်ဒီအာရေဗျက လူတွေကိုတော့ သတင်းထောက် ခါရှိုးဂီသတ်ဖြတ်ခံရတဲ့ ကိစ္စအတွက်ဖြစ်ပါတယ်။ မြောက်ကိုရီးယားက နှစ်ဖွဲ့ကိုတော့ ဂူးလပ်စ် ထောင်ထဲမှာ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ လူသတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ဆက်စပ်ပြီး အရေးယူတာဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ခေါင်းဆောင်နှစ်ယောက်ကိုတော့ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းက ရိုဟင်ဂျာတွေကို စနစ်တကျ အကြမ်းဖက်နှိမ်နင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေးယူတာလို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ မြန်မာ့တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက နိုင်ငံရေးရည်ရွယ်ချက်ကြောင့်သာ ဖြစ်လိမ့်မယ်လို့ တုံ့ပြန်ပါတယ်။
“ကျနော်တို့ကတော့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးထမ်းဆောင်တဲ့နေရာမှာ တပ်မတော်အနေနဲ့ Rule of Engagement ဆိုတဲ့ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းတွေအတိုင်း လိုက်နာဆောင်ရွက်တယ်။ လူ့အခွင့်အရေးကိစ္စတွေ ရခိုင်ပြည်နယ်အရေးတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ကျနော်တို့အနေနဲ့ တပ်မတော်အနေနဲ့ တာဝန်ခံမှု တာဝန်ယူမှုအပြည့်နဲ့ ဆောင်ရွက်လျက်ရှိတယ်။ ကျနော်တို့ဘာတွေ ဆောင်ရွက်နေလဲဆိုတာလဲ ပွင့်လင်းမြင်သာစွာနဲ့ သတင်းထုတ်ပြန်လျက်ရှိတယ်။ မနေ့ကအထိ မောင်နုတို့ ချွတ်ပြင်တို့ကိစ္စတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးခုံရုံး Court of Enquiry ဖွဲ့ပြီး ဆောင်ရွက်နေတာကို သတင်းထုတ်ပြန်ခဲ့တယ်။ အဲဒီလိုဆောင်ရွက်နေတဲ့ကြားကနေ ဒီလိုမျိုး ပိတ်ပင်တဲ့ဟာတွေ ရှိတာပေါ့လေ။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ အထူးအထွေဝေဖန်စရာမရှိပါဘူး။ သူတို့လုပ်ဆောင်နေကျ ဖြစ်ပါတယ်။ ကျနော်တို့ ကုလသမဂ္ဂက မြန်မာနိုင်ငံရဲ့အမြဲတမ်းကိုယ်စားလှယ် ပြောသလိုပါပဲ။ သူတို့အနေနဲ့ နိုင်ငံရေးရည်ရွယ်ချက်အရ ဆောင်ရွက်တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်အနေနဲ့ မိမိလုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်များကို တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ဆောင်ရွက်လျက်ရှိပါတယ် ”
ဗြိတိန်နိုင်ငံအခြေစိုက် Burma Rohingya Organization - UK ရဲ့ ဒါရိုက်တာ ကိုထွန်းခင်ကတော့ အခုလို အရေးယူတာကိုကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ထားတယ် ဆိုတဲ့ကိစ္စမှာ ဒီလိုအရေးယူမှုနဲ့ မလုံလောက်သေးဘဲ တပ်မတော်နဲ့ပတ်သက်နေတဲ့ ကုမ္ပဏီတွေကိုပါ ပိတ်ဆို့ဖို့၊ ကုလသမဂ္ဂစုံစမ်းရေးကော်မရှင်က ချမှတ်ထားတာတွေကို မြန်မာအစိုးရလိုက်နာအောင် ဗြိတိန်အစိုးရက ဖိအားပေးဖို့ လိုသေးတယ်လို့ ပြောပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အခုလိုအရေးယူခံရတဲ့အတွက် လူပုဂ္ဂိုလ်တွေပေါ်မှာ ထိရောက်မှုရှိမရှိဆိုတာထက် တိုင်းပြည်အတွက်တော့ နစ်နာတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူဖြစ်တဲ့ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ရှုမြင်ပါတယ်။
“ အခုလိုမျိုး ဗြိတိန်နိုင်ငံကနေ မြန်မာနိုင်ငံက ထိပ်တန်းစစ်ခေါင်းဆောင်နှစ်ဦးကို ပိတ်ဆို့အရေးယူလိုက်တာဟာ ကျနော်တို့တိုင်းပြည်အတွက်တော့ သိပ်ပြီးမကောင်းပါဘူး။ သာမန်လူကတော့ ဘာမှဆိုးဆိုးဝါးဝါးဖြစ်မှာ မဟုတ်ဘူး။ တဦးတယောက်ကိုပဲ အပြစ်ပေးတယ် ပိတ်ဆို့တယ်လို့ ပြောကောင်းပြောပါလိမ့်မယ်။ ဒါပေမဲ့ဒါဟာ နိုင်ငံတကာမှာ လူ့အခွင့်အရေးချိုးဖောက်တဲ့သူနှစ်ဦး ဖြစ်ပါတယ်ဆိုပြီး မှတ်ကျောက်ဖြစ်သွားစေတယ်၊ အဲဒါကတော့ ကျနော်တို့တိုင်းပြည်အတွက် မကောင်းပါဘူး။ဘာကြောင့်လဲဆိုရင် အခုချိန်မှာ တကမ္ဘာလုံးက မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ကိစ္စကို ပိုပြီးအာရုံစိုက်နေတယ်။ အဲဒီတော့ ဒီနှစ်ဦးအပေါ်မှာ အရေးယူတာတွေ ပိုပြီးတိုးလာနိုင်တယ်။ ပြီးတော့ မကြာသေးခင်ကပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်တွေ ထွက်လာတယ်၊ ICJ မှာ ဒီကိစ္စနဲ့ပတ်သက်လို့ ရင်ဆိုင်ဖြေရှင်းနေရတာ ရှိတယ်။ တခုဆိုရင် ICC – International Criminal Court အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးအထိ သွားဖို့ပြင်နေတဲ့အချိန်မှာ အခုလိုမျိုးလုပ်ဆောင်ခြင်းက နောက်ထပ်ရှေ့ဆက်သွားဖို့အတွက် ပြည်တွင်းဥပဒေအရ လုပ်ဆောင်မှုမရှိတဲ့အတွက် နိုင်ငံတကာဥပဒေနဲ့ အရေးယူဖို့ လိုအပ်တယ်ဆိုတဲ့အသိတွေ သက်သေအထောက်အထားအမြင်မျိုးကို ပိုပြီးသွားစေတဲ့အတွက် နိုင်ငံအတွက်လဲ အန္တရာယ်ဖြစ်နိုင်ပါတယ်။ နိုင်ငံတကာအလယ်မှာလဲ ဒီထက် ပိုမိုပြီးပြင်းထန်တဲ့ဖိအားပေးမှုတွေ ကြုံတွေ့နိုင်တာ ဖြစ်ပါလိမ့်မယ်ခင်ဗျ”
အခုလိုဆောင်ရွက်တာဟာ ကမ္ဘာကြီးကောင်းမွန်ဖို့အတွက် ဗြိတိန်နိုင်ငံရဲ့ ကြိုးစားမှုဖြစ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါမစ်နစ် ရက်ဘ်ကပြောပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဗြိတိန်နိုင်ငံက ကမ္ဘာနဲ့ချီပြီး အရေးယူတဲ့ဆောင်ရွက်ချက်ဟာ အရေးယူပိတ်ဆို့ရေးမူဝါဒနဲ့ ပတ်သက်လို့ ဗြိတိန်ရဲ့ခေတ်သစ်အစဖြစ်သလို၊ အမေရိကန်နဲ့ ဗြိတိန်ရဲ့ ဒီမိုကရေစီနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု ဖြစ်တယ်လို့ မှတ်ယူတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနကလည်း ကြေညာလိုက်ပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်နေတဲ့သူတွေကို အမေရိကန်နဲ့ နိုင်ငံတကာငွေကြေးစီးဆင်းမှုစနစ်ထဲမှာ ပိတ်ဆို့အရေးယူနိုင်အောင် နောက်ထပ် လက်တွဲမယ့် မဟာမိတ်နိုင်ငံတွေကို ဆက်ပြီးရှာနေဦးမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေးယိုရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။