စစ်တပ်ကိုကူညီတဲ့ နိုင်ငံတကာကုမ္ပဏီ ၂၀ ကို အမည်ပျက်စာရင်းသွင်း
2021.10.19
မြန်မာစစ်တပ်နဲ့ ပူးပေါင်းလုပ်ဆောင်နေတာတွေကြောင့် အမေရိကန်နိုင်ငံနဲ့ ဥရောပ ၁၅ နိုင်ငံက ကုမ္ပဏီအခု ၂၀ ကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်တယ်လို့ လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က အောက်တိုဘာလ ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီကုမ္ပဏီတွေဟာ မြန်မာစစ်တပ်ကို ရန်ပုံငွေထောက်ပံ့တာ၊ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ကူညီတာ၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ သဘာ၀ပတ်ဝန်းကျင် ထိခိုက်စေတဲ့စီမံကိန်းတွေမှာ ပါဝင်နေတာကြောင့်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
မြန်မာစစ်တပ်နဲ့ ပူးပေါင်းလုပ်ဆောင်နေတာကြောင့် အမည်ပျက်စာရင်းသွင်းခံရတဲ့ ကုမ္ပဏီစုစုပေါင်း လက်ရှိအချိန်အထိ ၁၀၂ ခုရှိပြီဖြစ်ပါတယ်။
အမည်ပျက်စာရင်းမှာပါဝင်တဲ့ အမေရိကန်ကုမ္ပဏီတွေက Chevron ၊ Hilton နဲ့ Keurig / Dr Pepper တို့ဖြစ်ပြီး Chevron ကုမ္ပဏီဟာ စစ်တပ်ကို သဘာ၀ဓာတ်ငွေ့ထောက်ပံ့ပေးနေသလို Hilton က စစ်တပ်ပိုင်မြေပေါ်မှာ ဟိုတယ်တစ်ခု ဖွင့်လှစ်ထားပြီး Keurig / Dr Pepper ကုမ္ပဏီကတော့ စစ်တပ်ပိုင် ရွှေဂန္ဓမာကုမ္ပဏီနဲ့ ကုန်ပစ္စည်းဖြန့်ဖြူးရေးတွေလုပ်နေတယ်လို့ Burma Campaign UK ဖော်ပြထားပါတယ်။
ဥရောပကုမ္ပဏီတွေထဲမှာ စစ်တပ်ပိုင်ကုမ္ပဏီတွေနဲ့ သဘာ၀ဓာတ်ငွေလုပ်ငန်းတွေလုပ်နေတဲ့ ဗြိတိန်က Lloyds Register ၊ ထီးတန်းဆိပ်ကမ်းမှာပါဝင်တဲ့ ဂရိကုမ္ပဏီ Conbulk၊ စစ်တပ်ကို ထောက်ပံ့မှုတွေလုပ်နေ တဲ့ ပြင်သစ်ကုမ္ပဏီ Total Energies နဲ့ ဂျာမနီက Hetzer တို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီအထဲမှာ အာရှစွမ်းအင်ကုမ္ပဏီတွေဖြစ်တဲ့ အိန္ဒိယက GAIL နဲ့ ကိုရီးယားက Kogas ကုမ္ပဏီတွေလည်း ပါဝင်ပြီး ရွှေဂန္ဓမာကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ဆောင်နေကြတာကြောင့်လို့ ပါရှိပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း သတ်ဖြတ်မှုတွေနဲ့ ကျုးလွန်နေတဲ့ မြန်မာစစ်တပ်ကို နိုင်ငံတကာကုမ္ပဏီတွေ တော်တော်များများက ငွေကြေးရော ပစ္စည်းတွေပါ ထောက်ပံ့ပေးနေတာ အံ့ကြဖို့ကောင်းတယ်လို့ Burma Campaign UK ဒါရိုက်တာ Mark Farmaner က ပြောပါတယ်။
အမည်ပျက်စာရင်းထဲမှာ အမေရိကန်နဲ့ ဥရောပကုမ္ပဏီတွေ အများကြီးပါနေတဲ့အပေါ် စစ်တပ်ကိုကူညီနေတာ ရပ်တန့်ဖို့ ဥရောပသမဂ္ဂ (EU)၊ အမေရိကန်နဲ့ ဗြိတိန်တို့အနေနဲ့ အများကြီးလုပ်ဆောင်ဖို့ လိုနေသေးတာကို ပြနေတယ်လို့လည်း Mark Farmaner က ဆိုပါတယ်။
မြန်မာနိုင်ငံက ပြည်သူတွေဟာ စစ်တပ်ကို လျှပ်စစ်ဓာတ်အားခမပေးဘဲ သပိတ်မှောက်တာအပြင် စစ်တပ်ပိုင် ကုမ္ပဏီတွေကိုပါ သပိတ်မှောက်တာတွေလုပ်နေပမယ့် တစ်ဖက်မှာ နိုင်ငံတကာကုမ္ပဏီတွေက စစ်တပ်ကို ကူညီထောက်ပံ့နေတာဟာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်နေတာဖြစ်တယ်လို့ Burma Campaign UK က ထုတ်ပြန်ထားပါတယ်။