စစ်တပ်က အရာရှိ၊ စစ်သည် ၁၈ ဦး NUG ထံမှာ ခိုလှုံလာကြောင်း ထုတ်ပြန်
2022.06.29
စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့်အပါအဝင် အရာရှိ၊ စစ်သည် ၁၈ ဦးဟာ လက်နက်တွေနဲ့အတူ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ထံ ခိုလှုံလာတဲ့အတွက် သူတို့လုံခြုံရေးကို ကာကွယ်ပေး ထားသလို ဆုငွေတွေ ကျပ် သိန်း ၃၀၀ ကျော် ချီးမြှင့်ခဲ့တယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဌာနက ဇွန်လ ၂၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။
ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦး၊ ဗိုလ်တစ်ဦးအပါအဝင် ၁၈ ဦးကို သူတို့နဲ့အတူ ပါလာတဲ့ လက်နက်၊ ခဲယမ်း၊ ချပ်ဝတ်တန်ဆာ အမျိုးအစားတွေပေါ်မူတည်ပြီး ကျပ်ငွေ သိန်း ၃၄၄ သိန်း ချီးမြှင့်ခဲ့တယ်လို့ လည်း ဆိုပါတယ်။
အခုလာရောက်ခိုလှုံတဲ့ အရာရှိ၊ စစ်သည်တွေရဲ့ နာမည်တွေနဲ့ သူတို့တာဝန်ကျခဲ့တဲ့ တပ်ရင်း တပ်ဖွဲ့၊ ပါလာတဲ့ လက်နက်အမျိုးအစား၊ လာရောက်ခိုလှုံတဲ့ရက်စွဲ စတဲ့ အသေးစိတ်အချက် အလက်တွေကို ဖော်ပြထားတာမျိုးတော့ မတွေ့ရပါဘူး။
စစ်ကောင်စီဘက်မှာမနေဘဲ ပြည်သူ့ရင်ခွင်ကို ရဲရဲဝံ့ဝံ့ ခိုလှုံလာကြဖို့ NUG အနေနဲ့ တိုက်တွန်း ထားပြီး လာရောက်ခိုလှုံသူတွေအတွက်လည်း ဘဝအာမခံချက်ပေးနိုင်ဖို့ လုပ်ဆောင်ပေးတာတွေ ရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က RFA ကို အရင်က ပြောဆိုထားပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်ကို ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ RFA က ဇွန်လ ၂၉ ရက် ဒီနေ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း ညနေပိုင်းအထိ ပြန်လည်အကြောင်း မပြန်ခဲ့ပါဘူး။
လက်နက်နဲ့အတူ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာသူတွေကို ဥပဒေအကာအကွယ်ပေးသွားမယ့်အပြင် ဂုဏ်ပြု ဆုငွေတွေလည်း ချီးမြှင့်မယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၂၈ ရက် မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
NUG ရဲ့ အခုထုတ်ပြန်ချက်အပေါ် စစ်ကောင်စီဘက်ကလည်း ပြန်လည်တုံ့ပြန်တာမျိုး မတွေ့ရ သေးပါဘူး။
စစ်ကောင်စီလက်အောက်မှာ မနေချင်တာကြောင့် NUG ရဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ထံ ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် တစ်သောင်းနီးပါးအထိ ရှိနေပြီလို့ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်က NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောထားပါတယ်။