စစ်ကိုင်းမြို့မှာ CDM ဝန်ထမ်း ဇနီးမောင်နှံကို ဖမ်းဆီးပြီး နေအိမ်ကိုချိပ်ပိတ်

RFA Burmese
2023.10.05
စစ်ကိုင်းမြို့မှာ CDM ဝန်ထမ်း ဇနီးမောင်နှံကို ဖမ်းဆီးပြီး နေအိမ်ကိုချိပ်ပိတ် စစ်ကောင်စီတပ် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ဖမ်းဆီးခဲ့သည့် CDM ဝန်ထမ်း ကိုအောင်ဆန်းဝင်းနှင့် ဇနီးဖြစ်သူ မမျိုးစုသက်တို့အား တွေ့ရစဉ်။
Myo Su Thet/Facebook

စစ်ကိုင်းမြို့ စိန်ကုန်းရပ်ကွက်မှာနေထိုင်တဲ့ CDM ဝန်ထမ်း ဇနီးမောင်နှံ နှစ်ဦးကို စက်တင်ဘာလ ၃၀ ရက်နေ့မှာ စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ပြီး အောက်တိုဘာလ ၄ ရက်နေ့ကတော့ သူတို့နေထိုင်တဲ့ နေအိမ်ကိုပါ ချိပ်ပိတ်လိုက်တယ်လို့ စစ်ကိုင်းမြို့ခံတွေက ပြောပါတယ်။

လမ်းဦးစီးဌာန အငယ်တန်း အင်ဂျင်နီယာ ဝန်ထမ်းတွေဖြစ်ကြတဲ့ အသက် ၃၇ နှစ်အရွယ် ကိုအောင်ဆန်းဝင်းနဲ့ အသက် ၃၅ နှစ်အရွယ် ဇနီးဖြစ်သူ မမျိုးစုသက်တို့ ဖမ်းဆီးခံရတာဖြစ်ပြီး သူတို့ဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာပါဝင်ခဲ့ပြီးနောက် စစ်ကိုင်းမြို့က နေအိမ်မှာပဲ ဆက်လက်နေထိုင်ကြသူတွေလို့ မြို့ခံတစ်ဦးကပြောပါတယ်။

"မောင်ကိုလိုချင်လို့ ဖမ်းတာဖြစ်နိုင်သလို သူတို့က CDM တွေဖြစ်နေတာ။ မနက်ကတော့ အိမ်ကို ချိပ်ပိတ်သွားတယ်"

စစ်ကောင်စီကို ထောက်ခံရေးသားတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ သူတို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ဆက်သွယ်ပတ်သက်တာကြောင့် ဖမ်းဆီးလိုက်တာလို့ ရေးသားဖော်ပြကြပါတယ်။

လက်ရှိမှာ သူတို့ဟာ စစ်ကိုင်း မြို့မရဲစခန်းမှာ ဖမ်းဆီးခံထားရတယ်လို့ မြို့ခံတွေကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

စက်တင်ဘာ ၂၁ ရက်နေ့ကတော့ စစ်ကိုင်းမြို့ သာစည်ရပ်ကွက်က ရင်သွေးရတနာ ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထားထားဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးပြီး ကျောင်းကိုလည်း ချိပ်ပိတ်ခဲ့ပါတယ်။

စက်တင်ဘာ ၂၀ ရက်နေ့ကလည်း စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက်က Hello Mobile ဖုန်းဆိုင်ပိုင်ရှင် ကိုဝေဖြိုးကို စစ်ကောင်စီတပ်ကဖမ်းဆီးပြီး ဖုန်းဆိုင်ကိုပါ ချိပ်ပိတ်ခဲ့ပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၄ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့ဆက်စပ်ပြီး နိုင်ငံတစ်ဝန်းက လူနှစ်သောင်းနီးပါး (၁၉,၆၅၀ ဦး) ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။