မင်းတပ်တိုက်ပွဲမှာ CDF အဖွဲ့က အသက် ၇၀ ကျော် အငြိမ်းစားကျောင်းဆရာ ကျဆုံး

ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ မင်းတပ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (CDF) တိုက်ပွဲမှာ မင်းတပ် CDF ဘက်က အသက် ၇၃ နှစ်အရွယ် ရဲဘော်ကြီးတစ်ဦး ကျဆုံးခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ကျဆုံးသွားသူဟာ အငြိမ်းစားကျောင်းဆရာတစ်ဦး ဖြစ်ပြီး မင်းတပ် CDF အဖွဲ့အတွက် လိုအပ်တဲ့ခဲယမ်းတွေကို ကြိုးစား လုပ်ဆောင်ပေးနေတဲ့ အားကိုးရတဲ့ ရဲဘော်ကြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
CDF -မင်းတပ်အဖွဲ့အနေနဲ့ တဦးတည်းသောသားတွေ၊ အသက်ကြီးသူတွေကို တိုက်ပွဲထဲမှာမပါဖို့ သတ်မှတ်ထားပေမယ့် အငြိမ်းစား ကျောင်းဆရာ Ning Kee Yaw က ကိုယ့်မြေကိုယ့်ရေကို ကျူးကျော်ဖျက်ဆီးလာသူတွေကို တွန်းလှန်ချင်တဲ့စိတ်နဲ့ ဒီတကြိမ်တိုက်ပွဲမှာ လိုက်ပါသွားတာလို့ CDF -မင်းတပ်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
နိုဝင်ဘာလ ၃ ရက်နေ့က မတူပီမြို့နယ်ကနေ ပြန်ဆင်းလာတဲ့ စစ်ကောင်စီတပ်တွေရဲ့ သံချပ်ကာကား နှစ်စီးအပါအဝင် စစ်ကား ၇၅ စီးကို မင်းတပ်-မတူပီကားလမ်း တစ်နေရာမှာ နိုဝင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲအတွင်း CDF-မင်းတပ်အဖွဲ့က တစ်ဦးကျဆုံး၊ သုံးဦးဒဏ်ရာရပြီး စစ်ကောင်စီဘက်က ၁ဝ ဦးကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ် တောင်ပိုင်း မင်းတပ် - မတူပီ - ပလက်၀ ကားလမ်းမကြီးတလျှောက်မှာ နိုဝင်ဘာလ ၂ ရက်နေ့ကနေစပြီး ချင်းကာကွယ်ရေးအဖွဲ့ CDF နဲ့ စစ်ကောင်စီတပ်ဖွဲ့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ ဒီတိုက်ပွဲတွေကြောင့် မတူပီ - ပလက်ဝလမ်းပိုင်းကြားမှာရှိတဲ့ ဝလံပီ (ရွာသစ်) နဲ့ (ရွာဟောင်း) အပါအဝင် တွီရှစ်ရွာက အိမ်ခြေ ၂၁၀ နီးပါးမှာနေထိုင်တဲ့ ဒေသခံတွေအကုန်လုံး နီးစပ်ရာ တောတောင်တွေထဲ ထွက်ပြေးနေရတယ်လို့ ချင်းကာကွယ်ရေးအဖွဲ့ (မတူပီ CDF) က ပြောပါတယ်။