မြတောင်သပိတ် သေဆုံးသူ မသူသူဇင် အလောင်းပြန်မရဘဲ သက်ပျောက်ဆွမ်းသွပ်ခဲ့ရ

ဇူလိုင် ၂၇ ရက်နေ့က မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး အရှေ့ဘက်ပေါက်အနီး ပစ်ခတ်ဖြိုခွင်းခံခဲ့ရတဲ့ မြတောင်သပိတ်စစ်ကြောင်းက သေဆုံးသူ မသူသူဇင်ရဲ့ ရုပ်အလောင်းကို စစ်တပ်က အခုချိန်ထိ ပြန်မပေးတဲ့ အတွက် ရုပ်အလောင်းမပါဘဲ သက်ပျောက်ဆွမ်းကပ်ခဲ့ရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက RFA ကို ပြောပါတယ်။
မိသားစုက ရဲစခန်းနဲ့ နန်းတွင်းမှာ အခြေစိုက်ထားတဲ့ စစ်တပ်ကို သွားရောက်စုံစမ်းခဲ့ပေမယ့် ဘာမှ အကြောင်း မထူးခဲ့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ယောက်က RFA ကို ပြောပါတယ်။
“ သေသွားတယ်ဆိုတဲ့ ဓာတ်ပုံကလည်း လိုင်းပေါ်မှာတက်လာမှ တွေ့ရတာ။ မိသားစုကို ဘယ်အဖွဲ့ကမှ အကြောင်းကြားတာ မရှိပါဘူး။ လိုင်းပေါ်မှာတွေ့တဲ့ ပုံလေးကြောင့် မနေ့က သက်ပျောက်ဆွမ်း သွပ်လိုက်ပါတယ်။ အခုက အလောင်းပြန်မရဘဲ ပြန်ရတယ်လို့ သတင်းတွေထွက်နေတော့ လိုက်ရတာ လည်း ခက်ခဲနေတယ် ”
ဇူလိုင် ၂၇ ရက်နေ့က ပြောက်ကျားသပိတ်ပြုလုပ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ မြတောင်သပိတ်စစ်ကြောင်းကို အရပ်ဝတ်တွေ ဝတ်ဆင်ထားတဲ့ လက်နက်ကိုင်တွေက သေနတ်နဲ့ ၇ ချက်ခန့် ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် မသူသူဇင် အပါအဝင် ဆန္ဒပြလူငယ် သုံးယောက်ခန့် ဒဏ်ရာရခဲ့ပါတယ်။
မသူသူဇင် အပါအဝင် ဒဏ်ရာရပြီး လဲကျနေသူ သုံးယောက်နဲ့ နောက်ထပ် လူငယ်နှစ်ယောက် စုစုပေါင်း ငါးယောက်ခန့်ကို ရဲနဲ့ စစ်တပ်က ဖမ်းသွားတယ်လို့ ဆန္ဒပြရာမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ လူငယ်တစ်ယောက်က RFA ကို ပြောပါတယ်။
ဒဏ်ရာနဲ့ အဖမ်းခံရသူတွေအနက် မသူသူဇင် သေဆုံးသွားကြောင်း လူမှုကွန်ယက်ဆိုရှယ်မီဒီယာပေါ်မှာ ဓာတ်ပုံတွေ တက်လာတာကိုသာ မိသားစုက မြင်တွေ့ရပြီးတဲ့နောက် ဒီကနေ့ သုံးရက်မြောက်နေ့မှာတော့ ရုပ်အလောင်း ပြန်မရဘဲ သက်ပျောက်ဆွမ်းသွပ်လိုက်ရတာလို့ မိသားစုနဲ့ နီးစပ်သူတစ်ယောက်က RFA ကို ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဇူလိုင် ၂၈ ရက်နေ့အထိ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှု၊ စစ်ကြောရေးမှာ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် သေဆုံးသူ ၉၃၆ ယောက်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်း ထုတ်ပြန်ထားပါတယ်။