ဂီရိမုန်တိုင်းဒုက္ခသည်များကို ကနေဒါအစိုးရက ဒေါ်လာ ၅ သိန်းလှူမည်
2010.12.01

မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ ဒုက္ခသည်တွေအပေါ် ကနေဒါနိုင်ငံအနေနဲ့ စာနာ နားလည်ပြီး အခုချိန်ထိ အရေးပေါ် အကူအညီတွေ လိုအပ်နေသေးတယ် ဆိုတာကြောင့် အခြေအနေတွေကို စိုးရိမ်မကင်း ဖြစ်မိတယ်လို့ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီး Mrs. Beverley Oda က RFA ကို ပြောပါတယ်၊
ကနေဒါ နိုင်ငံအနေနဲ့ အမိုးအကာတွေ၊ ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းတွေ၊ ရေသန့်စင်ရေး ပစ္စည်းတွေ အပါအဝင် အခြားလိုအပ်တဲ့ အကူအညီတွေပေးဖို့ ရှိပါတယ်။ ဒီအကူအညီတွေကို နိုင်ငံတကာ NGO အဖွဲ့တွေဖြစ်တဲ့ Save the Children နဲ့ MSF-နယ်စည်းမခြား ဆရာဝန်များအဖွဲ့ တွေကနေတဆင့် ပေးသွားမှာ ဖြစ်တယ်လို့ Mrs. Oda ကပြောပါတယ်။
ကနေဒါအစိုးရက လှုဒါန်းထောက်ပံ့မဲ့ ဒေါ်လာငွေ ၅ သိန်းကို အဲဒီအဖွဲ့နှစ်ခုက အကူအညီပေးရေး လုပ်ငန်းစဉ်အလိုက် တဝက်စီ လက်ခံရယူမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူဒေသကို ဗဟိုပြုတိုက်ခတ်ခဲ့တဲ့ ဂီရိမုန်တိုင်းကြောင့် လူပေါင်း တသိန်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး အိုးအိမ်တွေ သောင်းနဲ့ချီ ပြီး ပျက်စီးခဲ့တဲ့အပြင် လမ်းတွေ၊ တံတားတွေလည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဒုက္ခသည်တွေဆီ အရေးပေါ် အကူအညီတွေဟာ ရောက်သင့်သလောက် မရောက်ပဲ ဖြစ်နေရတယ်လို့ ကုလသမဂ္ဂကလည်း ကြေညာထားပါတယ်။