ကနေဒါလွှတ်တော်မှာ မြန်မာ့လူ့အခွင့်အရေး အခြေအနေ ကြားနာ
2012.05.03

အဲဒီကြားနာပွဲမှာ သတင်းမီဒီယာလွတ်လပ်ခွင့်၊ ကချင်တိုင်းရင်းသားဒေသမှာ ဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စ အဓိက တင်ပြခဲ့တယ်လို့ ကိုယ်တိုင်ထွက်ဆိုခဲ့သူ ကနေဒါ မြန်မာမိတ်ဆွေများအဖွဲ့ ညွန်ကြားရေးမှူး ဦးတင်မောင်ထူးက အာအက်ဖ်အေကို အခုလိုပြောပါတယ်။
"နိုင်ငံတကာ မီဒီယာ အဖွဲ့အစည်းတွေရဲ့ထောက်ပြချက်ကတော့ မြန်မာပြည်ရဲ့ မီဒီယာ လွတ်လပ်ခွင့်က ဒီလောက်ထိ တိုးတက်တဲ့ လက္ခဏာ မရှိသေးဘူး။ အောက်ဆုံးနားမှာပဲ ဆက်ရှိနေဆဲပဲဆိုတာ ပေါ့နော်။ နောက်အရေးကြီးတဲ့ အချက်က ဒီကချင်ကိစ္စ ဖြစ်တယ်။ တဘက်မှာ နိုင်ငံရေးအရ အပြောင်းအလဲတွေကို ဦးတည်တဲ့ အရာတွေ ဖြစ်ပေါ်နေပေမဲ့ ကချင်ကိစ္စက ဆက်ပြီးတော့ ပဋိပက္ခဆက်ပြီး ဖြစ်နေရသလဲဆိုတဲ့ မေးခွန်းတွေ မေးတာတွေရှိတယ်။ နောက်ပြီး နိုင်ငံရေး အကျဉ်းသားတွေ လွတ်သွားတာတွေ ရှိတယ်။ ဒါပေမဲ့ ကျန်ရှိနေသေးတယ်ဆိုတဲ့ အချက်ပေါ့။ မြန်မာပြည် နိုင်ငံရေး အကျဉ်းသား အသိအမှတ်ပြုရေး၊ မပြုရေးဆိုတဲ့ မြန်မာအစိုးရရဲ့ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ အခြေအနေတွေပေါ်မှာလည်း အခက်အခဲတွေ ဖြစ်နေတယ်"
ဒီကြားနာပွဲကို ကနေဒါ လွှတ်တော်အမတ်တွေ အပါဝင် မြန်မာ့အရေး လှုပ်ရှားနေတဲ့ ကနေဒါ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေနဲ့ ကနေဒါ နိုင်ငံခြားရေးဌာနက တာဝန်ရှိသူ တချို့တက်ရောက်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီးနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံအပြီး ကနေဒါအစိုးရက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုကို ယာယီ ဆိုင်းငံ့လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။