ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့ဈေး မီးရှို့ဖျက်ဆီးခံရ
2024.02.24

ပဲခူးတိုင်း ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ဈေးဟာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နေ့လယ်မှာ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကုန်စုံဆိုင်၊ အဝတ်အထည်ဆိုင်၊ ဆီဆိုင်၊ စားသောက်ကုန်ပစ္စည်းဆိုင်နဲ့ လူသုံးကုန်ပစ္စည်းဆိုင် စတဲ့ ဆိုင်ခန်း ၂၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒီဈေးဟာ စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ၇၃ အနီးမှာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယူနီဖောင်းဝတ်ထားတဲ့ စစ်ကောင်စီတပ်သား ဆယ်ဦးက ဈေးထဲကို ဝင်ရောက်မီးရှို့ခဲ့တာလို့ ဇရပ်ကြီးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဈေးကြီးတစ်ခုလုံး ကုန်သွားပြီ၊ သူတို့ရှို့တာကို သူခိုးက ရှို့သွားတယ်ဆိုပြီး သတင်းလွှင့်ထားတယ်၊ တွေ့တဲ့ အရပ်သားတွေက ပြောတာကတော့ ယူနီဖောင်းဝတ်ထားတဲ့ စစ်သားတွေ ရှို့တယ်လို့ ပြောတယ်၊ စစ်သား ဆယ်ယောက်က ဝင်ပြီးတော့ ဆီပုံးတွေနဲ့ လက်မှာ ကိုင်ထားတယ်တဲ့၊ အဲဒီဆီပုံးတွေနဲ့ လောင်းပြီး မီးရှို့သွားတယ်"
ပဲခူးတိုင်းစစ်ကောင်စီပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦတင်ဦးကတော့ ပေါ့ဆမှုကြောင့် မီးလောင်တာလို့ RFA ကို ဖေဖော်ဝါရီလ ၂၄ ရက်မှာ ပြောပါတယ်။
"ရှို့တာ မဟုတ်ပါဘူး။ သူ့ဟာသူ လောင်တာပါ။ ကျွန်တော်သိတာတော့ ဈေးထဲမှာ ပေါ့ဆမီးကြောင့် လောင်တယ်လို့ ကြားရပါတယ်"
အဲဒီဈေးက တရားဝင်ဈေးမဟုတ်ဘဲ ပျံကျဈေးဖြစ်ပြီး ဆိုင်ခန်းနှစ်ခန်းလောက်ပဲ မီးလောင်ပျက်စီးခဲ့တာလို့ ဦးတင်ဦးက ပြောပါတယ်။
ဇရပ်ကြီးမြို့ပေါ်မှာ ဖေဖော်ဝါရီလဆန်းပိုင်းက စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် မြို့လုံးကျွတ်နီးပါးထွက်ပြေးနေပြီး အိမ်စောင့်နေတဲ့ သူတချို့သာ ကျန်ခဲ့နေတာပါ။
မီးရှို့ခံရတဲ့ဖြစ်စဉ်တွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar ရဲ့ စာရင်းအရ စစ်အာဏာ သိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်ကုန်အထိ နိုင်ငံတစ်ဝန်းက နေအိမ် ၇၈,၇၃၇ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။