မြင်းခြံနဲ့ စဥ့်ကူးမြို့နယ်တွေက နေအိမ်နှစ်ရာနီးပါး မီးရှို့ခံရ
2024.06.16

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ပြားရွာနဲ့ စဥ့်ကူးမြို့နယ် တရော်ပင်ရွာက နေအိမ်နှစ်ရာနီးပါး ဇွန်လ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြင်းခြံမြို့နယ် ပြားရွာမှာ ဇွန် ၁၅ ရက်နေ့ကစလို့ အင်အား ၁၇၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ရွာကိုစီးနင်းပြီးနောက် နှစ်ရက်ဆက်တိုက်မီးရှို့ခဲ့လို့ နေအိမ် ၁၅၀ နီးပါး မီးလောင်ပျက်စီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြားရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပြားရွာကိုဝင်လာတော့ နှစ်ဖက်တိုက်ပွဲဖြစ်ကြတယ်။ တိုက်ပွဲဖြစ်ပြီးတော့ နေအိမ်တွေ မီးရှို့တော့တာပဲ။ အခု ရွာထဲကို မပြန်ရဲသေးတာ။ အရင်နှစ်ကြိမ်တုန်းကလည်း အိမ်ခြေနှစ်ရာလောက် မီးရှို့ခံရပြီးပြီ။ အခု သုံးကြိမ်မြောက် လာရှို့ကြတာ။ ကျွန်တော်တို့ကတော့ တောထဲမှာပဲ မိုးရွာလိုက် နေပူလိုက်နဲ့နေကြရတာ”
အဲဒီစစ်ကြောင်းဟာ နွားထိုးကြီးမြို့နယ် ခံစပ်ကုန်းရွာဘက်ကနေ ထွက်လာတဲ့စစ်ကြောင်းဖြစ်ပြီး ဇွန် ၁၇ ရက်ဒီနေ့မှာ စစ်ကောင်စီတပ်သားအင်အားတချို့က နွားထိုးကြီးမြို့နယ်ထဲ ပြန်ရောက်သွားပြီလို့ သူကပြောပါတယ်။
မြင်းခြံမြို့နယ်ထဲမှာလည်း စစ်ကောင်စီစစ်ကြောင်း ဆက်ရှိနေသေးတာကြောင့် ပြားရွာ၊ ပျိုးကန်၊ ကန်စွယ်၊ ကန်နီ စတဲ့ရွာတွေအပါအဝင် ရွာခုနစ်ရွာနီးပါးက လူတစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအပြင် မန္တလေး - မိုးကုတ်ကားလမ်းမအနီး စဥ့်ကူးမြို့နယ် တရော်ပင်ရွာမှာလည်း ဇွန် ၁၅ ရက်နေ့က စစ်ကောင်စီတပ်သား ခြောက်ဆယ်ကျော်က ရွာထဲစီးနင်းပြီး နေအိမ် ၃၅ လုံး မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
မီးလောင်မှုအခြေအနေတွေကို မှတ်တမ်းပြုစုနေတဲ့ Data for Myanmar ရဲ့စာရင်းတွေအရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ နေအိမ်ပေါင်း ကိုးသောင်းနီးပါး (၈၈,၃၇၃ လုံး) မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။