မလေးရှား ထိန်းသိမ်းရေးစခန်းမှ မြန်မာအကျဉ်းသား တရာကျော် ထွက်ပြေး

မလေးရှားနိင်ငံ ကွာလာလမ်ပူမြို့တော်နဲ့ မိုင် ၅၀ လောက်မှာ ရှိတဲ့ လူဝင်မှု ထိန်းသိမ်းရေး လင်းခေးစခန်း မှာ ဧပြီ ၄ ရက် မနေ့က မီးလောင်မှု ဖြစ်ပွားပြီးနောက် စခန်းက မြန်မာအပါအဝင် တရားမဝင် ပြောင်းရွှေ့နေထိုင်သူ ထိန်းသိမ်းထားသူ ၁၀၀ ကျော် ထွက်ပြေးသွားခဲ့တယ်လို့ နိင်ငံတကာ သတင်းတွေထဲမှာ ဖော်ပြထားပါတယ်။

2011.04.05
migrant_malaysia_A_305_z.jpg မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ရဲလာခေါ် အရပ်သား လုံခြုံရေး တပ်ဖွဲ့ဝင်များက ညသန်းခေါင်ကျော် စစ်ဆင်ရေးဖြင့် တရားမဝင် နိုင်ငံခြား အလုပ်သမားများကို ဖမ်းဆီးထားသော မှတ်တမ်း ဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒီသတင်းနဲ့ ပတ်သက်ပြီး မလေးရှားမှာ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Campaign Malaysia အဖွဲ့က ကိုထွန်းထွန်းကလည်း RFA ကို အခုလို ပြောပြပါတယ်။

“တရားမဝင် နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းမှာ မီးလောင်မှု ဖြစ်ပွားပြီးတော့ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ပွားပြီးတော့ မြန်မာနိုင်ငံသား တရာနဲ့ ကိုးဦး လွတ်မြောက်သွားတယ်၊ အဲဒီထဲကမှ လူ ၃၀ ကို သူတို့ ပြန်ဖမ်းမိတယ်ဆိုပြီးတော့ သတင်းတွေမှာ ဖော်ပြနေတယ်။ အဓိက ကျွန်တော်တို့ သိရသလောက်ကတော့ အဲဒီ စခန်းမှာ ရှိတဲ့ စခန်းတွင်း အခြေအနေတွေက အင်မတန် ဆိုးဝါးတယ်၊ အစားအသောက် အခြေအနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေက အင်မတန် ဆိုးဝါးတယ်၊ အဲဒါကို မကျေနပ်ပြီးတော့ ခုလို လုပ်ကြတယ် ဆိုပြီးတော့ သတင်းတွေ ထွက်ထားတယ်။ ကျွန်တော်တို့ အနေနဲ့ အဲလောက်ပဲ ပြောနိုင်တယ်။”

အခုလို အစားအသောက် အနေအထိုင် အင်မတန် ဆင်းရဲတဲ့ အဲဒီ ထိန်းသိမ်းရေးစခန်းက ထွက်ပြေးသွားသူတွေ ပြန်လည် ဖမ်းဆီးနိင်ဖို့အတွက် စေတနာ့ဝန်ထမ်းလုံခြုံရေး Rela အဖွဲ့ဝင်တွေကို မလေးရှား ပြည်ထဲရေးဝန်ကြီးက တာဝန်ပေးလိုက်တယ်လို့ ကိုထွန်းထွန်းက ပြောပါတယ်။

“အဲဒီအခါကျတော့ ကျွန်တော့အနေနဲ့ ဘာမြင်လဲဆိုလို့ရှိရင် ထွက်ပြေးသွားတာက လူ တရာနဲ့မှ ကိုးဦး၊ သို့သော်ငြားလည်း အဲဒီ တရာနဲ့ ကိုးဦး ထွက်ပြေးသွားတဲ့အတွက် အပြင်မှာ ရှိနေတဲ့ တရားမဝင် နိုင်ငံခြားသားတွေအတွက် ဒါဟာ အင်မတန် အန္တရာယ် ကြီးပါတယ်၊ ဒီရက်ပိုင်းမှာ ဆိုလို့ရှိရင်။ အဲဒီအခါကျတော့ ၁၀၉ ဦးကတော့ လွတ်သွားတယ်၊ ဒါပေမဲ့ ဒီအမှုနဲ့ နွယ်ပြီးတော့ နောက်ထပ် ဘယ်နှစ်ယောက် ဒုက္ခရောက်ဦးမလဲ ဆိုတာတော့ ကျွန်တော်တို့ စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။”

လင်းခေး လဝက ထိန်းသိမ်းရေးစခန်းမှာ တရားမဝင် နိုင်ငံခြားသား တထောင်ကျော်ရှိရာမှာ ၄၀၀ လောက်ဟာ မြန်မာတွေ ဖြစ်တယ်လို့ ကိုထွန်းထွန်းက ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။