မလေးရှားမှာ မြန်မာအလုပ်သမားတွေ ဆန္ဒပြ
2011.04.23

စက်ရုံမှာ လုပ်အားနဲ့ လုပ်ခလစာ မမျှတတာ၊ ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းတာတွေအပေါ် အလုပ်သမား အခွင့်အရေး တောင်းဆိုချက် ၅ ချက် တင်ပြပြီး ဧပြီလ ၁၉ ရက်ကနေ ၂၁ ရက်နေ့အထိ မြန်မာအလုပ်သမား ၆ဝ အပါအဝင် လူမျိုးစုံ စုစုပေါင်း အင်အား ၁၂ဝ လောက် ဆန္ဒပြခဲ့ကြပါတယ်။
ဒီ ဖြစ်ရပ်နဲ့ပတ်သက်လို့ အလုပ်သမားတွေဘက်က လိုက်ပါ ဆောင်ရွက်ပေးနေတဲ့NLD- LA မလေးရှားဌာနခွဲက ဦးဉာဏ်လင်းက ပြောပြပါတယ်။
“လုပ်အားနဲ့ လစာမမျှတာ၊ ပြီးတော့ တခြား အခွင့်အရေးတွေ ရဖို့အတွက် သူဌေးကို တောင်းဆိုတာ။ သူဌေးက ပြန်ပြီးတုန့်ပြန်တဲ့နေရာမှာ သူတိုရဲ့ အဆောင်တွေမှာ ရေဖြတ်တာတွေ လုပ်တယ်။ သူတို့က အလုပ်မဆင်းဘဲ ဆန္ဒပြတော့ သူဌေးက ရဲကိုခေါ်ပြီး အလုပ်ပြန်ဆင်းခိုင်းဖို့လုပ်တာကနေပြီး ဆန္ဒပြခေါင်းဆောင်လို့ ယူဆတဲ့ နီပေါတယောက်နဲ့ မြန်မာတယောက် ဖမ်းသွားတယ်။ ခုထက်ထိ ပြန်လွှတ်မပေးသေးဘူး”
အလုပ်သမားတွေက လုပ်အားခ မလေးရှားရင်းဂစ် ၂၅ ရင်းဂစ် အထိ တိုးပေးဖို့တောင်းဆိုတာကို ၂၂ ရင်းဂစ် ပေးမယ့်အကြောင်းနဲ့ သောကြာနေ့ ၂၂ ရက်နေ့မှာ အလုပ်ပြန်ဆင်းဖို့ မြန်မာအေးဂျင့်က လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။ ဒါပေမယ့် အလုပ်သမားတွေက လက်မှတ်ထိုးမပေးဘူးလို့လည်း သိရပါတယ်။ ၂၁ ရက်နေ့မှာ အလုပ်သမားတွေရှိတဲ့ အဆောင်ကို ရဲတွေရောက်လာပြီး မြန်မာအလုပ်သမား ကိုအောင်ကျော်နဲ့ နီပေါ အလုပ်သမားတဦးကို ဖမ်းသွားပါတယ်။
“သူတို့ကို အတင်းအကြပ် ဖိအားပေးတော့ နောက်ဆုံးပိတ် လက်မှတ်ထိုးလိုက်ရတယ်။ သူတို့နေတဲ့ အဆောင်အောက်ထပ် အခန်းတွေကို ရဲက ဝင်ပြီး အိပ်နေတဲ့သူတွေကို ရဲတွေ အမြဲဆောင်နေတဲ့ ငြုပ်ကောင်း စပရေးဗူးတွေနဲ့ ပက်သွားတယ်။ လူတွေက လည်ပင်းတွေနာ၊ မျက်လုံးတွေနာပြီး ကျန်နေခဲ့တယ်။ အဲဒီတော့ အားလုံးက အဲလိုဖိအားပေးခံရတော့ ကြောက်ပြီးတော့ လက်မှတ်ထိုးရတာ၊ စာချုပ်တော့မဟုတ်ဘူး။ လောလောဆယ် လုပ်တဲ့လူတွေထဲမှာ ဘယ်သူပါသလဲဆိုတာကို”
တောင်းဆိုချက်တွေကို အလုပ်ရှင်ဘက်က တစုံတရာ ဆွေးနွေးတာမရှိဘဲ အဓမ္မ အလုပ်ဆင်းခိုင်းတဲ့အတွက် သောကြာနေ့ကတော့ အလုပ်သမားတွေ အလုပ် ပြန်ဆင်းနေကြတယ်လို့ သိရပါတယ်။
အမှုနဲ့ ပတ်သက်လို့ တရားမျှတမှု ဖြစ်ပေါ်ဖို့နဲ့ မတရား အဖမ်းခံရသူတွေ လွတ်မြောက်ရေးအတွက် မလေးရှား အခြေစိုက် အလုပ်သမားအရေး ကူညီပေးနေတဲ့ NGO အဖွဲ့တွေနဲ့ NLD –LA Malaysia အလုပ်သမား ရေးရာဌာနက ဆက်လက် လိုက်ပါ ကူညီဆောင်ရွက် ပေးနေတယ်လို့ သိရပါတယ်။