တရုတ်နိုင်ငံ ရွှေလီမြို့မှာအဖမ်းခံရတဲ့ မြန်မာလုပ်သားကိုးဦး ရွှေလီထောင်ကို အပို့ခံထားရ

RFA Burmese
2024.11.15
တရုတ်နိုင်ငံ ရွှေလီမြို့မှာအဖမ်းခံရတဲ့ မြန်မာလုပ်သားကိုးဦး ရွှေလီထောင်ကို အပို့ခံထားရ ရွှေလီမြို့အတွင်းက မြန်မာအလုပ်သမားအချို့ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

တရုတ်နိုင်ငံ ရွှေလီမြို့ စက်မှုဇုန်ထဲက အော်ဟယ် (Aohe) အထည်ချုပ်စက်ရုံမှာ အောက်တိုဘာလ ၂၆ ရက်နေ့က လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုရာမှာပါဝင်တဲ့ မြန်မာအလုပ်သမားကိုးဦးကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ရွှေလီရောက်မြန်မာတွေက ပြောပါတယ်။

အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားကိုးဦးကို တရုတ်ရဲတပ်ဖွဲ့က ရဲစခန်းကနေတစ်ဆင့် ရွှေလီမြို့မှာရှိတဲ့ စီကိုင်ထောင်ကို ပို့လိုက်တယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံသား ခုနစ်ရာကျော် အလုပ်လုပ်ကိုင်နေကြတဲ့ အဲဒီစက်ရုံမှာ လုပ်ခလစာတွေတိုးပေးဖို့ တရုတ် လုပ်ငန်းရှင်ကို စုပေါင်းတောင်းဆိုခဲ့ကြရာကနေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး မြန်မာလုပ်သားတွေ အဖမ်းခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွမ်းကျင်အဆင့်တွေရော၊ ရိုးရိုးအလုပ်သမားရော သူတို့က ဈေးတစ်မျိုးတည်း ဖြစ်နေတာရယ်၊ အချိန်ပိုဆင်းရင် လုပ်ခ ပိုပေးဖို့ဆိုပြီး တောင်းဆိုကြတာ။ အဲဒီမှာ ဦးဆောင်တယ်လို့ဆိုတဲ့ ကိုးယောက်ကို ဖမ်းသွားတာ။ ရဲစခန်းကနေပြီးတော့ အခု ရွှေလီက စီကိုင်ထောင်ကြီးကို ပို့ထားတယ်လို့ သိရတယ်”

ဆန္ဒပြရာမှာ ဦးဆောင်သူလို့ယူဆတဲ့ အလုပ်သမား ၂၅ ဦးကို ကနဦးဖမ်းဆီးခဲ့ပြီးနောက် ၁၆ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ကျန်ကိုးဦးကိုတော့ ဆက်လက်ဖမ်းဆီးထားတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ ယူနန်ပြည်နယ်မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ရုံးကို အကြောင်းကြားထားပြီး ကောင်စစ်ဝန်ရုံးဘက်ကလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။

ဒါ့အပြင် ဆန္ဒပြတဲ့အလုပ်သမား ခုနစ်ရာထဲက ရှစ်ဆယ်ကျော်ကို စက်ရုံဘက်က အလုပ်ရပ်နားခဲ့ပြီး ကျန်တဲ့သူတွေကတော့ စက်ရုံမှာ ဆက်ပြီးလုပ်ကိုင်နေကြတယ်လို့ မူဆယ်နယ်စပ်မှာရှိတဲ့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံရတဲ့အပေါ် တုံ့ပြန်မှုရဖို့ ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က နိုဝင်ဘာလ ၁၅ ရက်နေ့ဒီနေ့ညနေ ၃ နာရီကျော်မှာ အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။