ဂျပန်ငလျင်ဒဏ် ခံရသူများအတွက် ဆုတောင်းပွဲကျင်းပ

ဂျပန်နိုင်ငံက မြေငလျင်နဲ့ ဆူနာမီဒဏ် ကြောင့် သေဆုံး၊ ပျောက်ဆုံးခဲ့တဲ့ ဂျပန် ပြည်သူတွေကို ရည်စူးတဲ့ ဆုတောင်းပွဲ တရပ်ကို တိုကျိုမြို့ တာကာဒါးနိုး ဗားဗား အရပ်မှာ ဒီကနေ့ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

2011.04.10
pray_japan_social_media_305_z ဆူနာမီငလျင် ဘေးဒဏ်ခံ ဂျပန်ပြည်သူများအတွက် ဆုတောင်းမေတ္တာပို့ကြရန် Social Media လူမှုသတင်းကွန်ယက်များက အင်တာနက်အွန်လိုင်း မှတဆင့် လှုံ့ဆော်ခဲ့ကြပါသည်။ (Screen Shot from Web)
Screen Shot from Web

ဒီကနေ့ ဆုတောင်းပွဲ အခမ်းအနားကို ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ စုပေါင်း ပါဝင်ခဲ့ကြပြီး လူအင်အား ၁ ရာကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီနေ့ပွဲကို မြန်မာအဖွဲ့အစည်းအားလုံး စုပေါင်း ဖွဲ့ထားတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကွန်ယက် (NDB) က ဦးစီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ နေ့လည် ၂ နာရီ ၄၆ မိနစ်မှာ ငလျင်ဘေးဒဏ်ခံ ဂျပန်ပြည်သူတွေအတွက် ဆုတောင်းခဲ့ပုံကို အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဒေါ်အေးနန္ဒာအောင် က ပြောပြပါတယ်။

“မတ်လ ၁၆ ရက် သောကြာနေ့မှာ ၂ နာရီ ၄၆ မှာ စပြီးလှုပ်တဲ့အတွက် ၂ နာရီမှာ အခမ်းအနား စဖွင့်တာပါ။ ၂ နာရီ ၄၆ ကနေ ၂ နာရီ ၄၈ အထိ အကုန်လုံး မတ်တပ်ရပ်ပြီး ၂ မိနစ် ငြိမ်သက်ဦးညွတ်ပြီး သက်ဆိုင်ရာ ဘာသာအသီးသီးအလိုက် ဆုတောင်းမေတ္တာပို့ကြပါတယ်”

မြေငလျင်နဲ့ ဆူနာမီရေလှိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရတဲ့ အီဝါတေစီရင်စုမှာ NDB အဖွဲ့ဝင် ၂ဝ ကျော်ဟာ ယာယီစခန်းတွေမှာ နေထိုင်နေကြတဲ့ ဂျပန်နိုင်ငံသား ဒုက္ခသည် ၅ ရာကို မြန်မာထမင်းဟင်း ချက်ပြုတ် ကျွေးမွေးခဲ့ပါတယ်။ အလားတူ လာမယ့် လကုန် ၃ဝ ရက်နေ့မှာလည်း ထမင်းဟင်းတွေ သွားရောက် ချက်ပြုတ်ကျွေးဖို့ စတင် ပြင်ဆင်နေကြသလို ကောက်ခံရရှိတဲ့ ဂျပန်ယန်းငွေကို သွားရောက် လှူဒါန်းမှာဖြစ်တယ်လို့ တာဝန်ယူ ဆောင်ရွက်နေသူ တဦးဖြစ်တဲ့ ဦးသန်းဆွေက ပြောပါတယ်။

ဒီဆုတာင်းပွဲအကြောင်းနဲ့ မြန်မာနိုင်ငံသားတွေ ပြုလုပ်ခဲ့တဲ့ အလှူပွဲအကြောင်း ဦးဝင်းနိုင်က တင်ပြထားပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။