ဗုဒ္ဓဂါယာကို ငြိမ်းချမ်းရေး နယ်မြေအဖြစ် အစွမ်းကုန် ထိန်းသိမ်းမယ်လို့ အိန္ဒိယကတိပြု


2013.07.08

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ ဗုံးကွဲမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တဲ့ အိန္ဒိယနိုင်ငံခြားရေးဌာနအတွင်းဝန် မစ္စတာ ရာဂျန် မက်သာအီ   ( Ranjan Mathai ) ဟာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယအနေနဲ့ ဗုဒ္ဓဂါယာကို ငြိမ်းချမ်းတဲ့ ဘာသာရေးနယ်မြေအဖြစ် ဆက်လက် ထိန်းသိမ်းစောင့်ရှောက်သွားမှာဖြစ်ကြောင်း မစ္စတာ ရာဂျန် မက်သာအီက အာမခံပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဗုံးကွဲမှုနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ရသမျှ သတင်းအချက်အလက်တွေကို မြန်မာအစိုးရဆီ အသိပေးမှာဖြစ်ကြောင်း၊ ဒဏ်ရာရရှိခဲ့တဲ့ မြန်မာသံဃာတော်ကိုလည်း အထူးဂရုစိုက်ကုသပေးနေပြီး စိုးရိမ်စရာအခြေအနေမှာမရှိကြောင်း ပြောကြားခဲ့ပါတယ်။

လုံခြုံရေးနဲ့ ပတ်သက်ပြီး အိန္ဒိယနဲ့ မြန်မာနှစ်နိုင်ငံကြား ပိုပြီးပူးပေါင်းဆောင်ရွက်ကြဖို့လည်း ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

ဗုံးကွဲမှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အလွန်တရာ စိတ်မချမ်းမြေ့ဖြစ်ရတဲ့ပုံသွင်ကို တွေ့မြင်ရကြောင်းလည်း The Hindu သတင်းက ဖေါ်ပြပါတယ်။ အိန္ဒိယ နိုင်ငံခြားရေးဌာန အတွင်းဝန် မစ္စတာ ရာဂျန် မက်သာအီဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်းတွေ့ဆုံပြီး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။