ဘုတလင်မြို့နယ်က စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် အကူအညီလိုနေ
2024.10.27

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက နေ့တိုင်းလေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေးကူညီပေးနေသူတွေက ပြောပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့ညကလည်း စစ်ကောင်စီက ဘုတလင်မြို့နယ် ငပရင်းကျေးရွာကို Mi 35 နဲ့ လေကြောင်းကနေ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
စစ်ဘေးဒုက္ခသည်တွေ အကူအညီလိုအပ်နေတဲ့အပြင် ကူညီဖို့သွားရောက်ရာမှာလည်း အခက်အခဲ ရှိနေတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
“လက်ရှိအချိန်ထိ ကျွန်တော်တို့ စစ်ရှောင်အိမ်ထောင်စု နှစ်ထောင်လောက်ကို တတ်နိုင်သမျှ ရိက္ခာပို့ပေးနေပါတယ်။ ဒါပေမဲ့ အင်အားအရမ်းများတာမို့ အားလုံးကို ပေးနိုင်ဖို့မလုံလောက်ပါဘူး။ ဘုတလင်မှာ ဖြစ်ပျက်နေတဲ့ အရာတွေဟာ အခုထိမပြီးသေးဘူးဆိုတာကို ပြည်သူတွေကို သိစေချင်ပါတယ်”
အောက်တိုဘာလဆန်းကစပြီး စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ကျေးရွာ ၁၉ ရွာက ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရပြီး စစ်ကြောင်းမရှိတဲ့ရွာတွေမှာ လှည့်လည်ခိုလှုံနေရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
စစ်ကြောင်းထိုးတာကြောင့် ဒေသခံတွေထွက်ပြေးနေရပြီး အကူအညီလိုအပ်နေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
စက်တင်ဘာ ၃ဝ ရက်နေ့က ဘုတလင်မြို့နယ် စီပါရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား သုံးဆယ်ကျော် သေဆုံးပြီး လေးဆယ်ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒါကြောင့် စစ်ကောင်စီတပ်သားတွေက စီပါရွာအပါအဝင် အနီးအနားက ရွာတွေကို ပြန်လည်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘုတလင် စီပါကျေးရွာမှာ ဒေသခံ ခြောက်ယောက်ရဲ့ ခန္ဓာကိုယ်တွေကို ရက်ရက်စက်စက် အပိုင်းပိုင်းသတ်ဖြတ်ပြီး ခြံစည်းရိုးမှာ ချိတ်ဆွဲခဲ့သလို နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး အရပ်သားပြည်သူအများအပြားကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
ဘုတလင်မြို့နယ်ထဲကို မုံရွာမြို့ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ အောက်တိုဘာလ ၆ ရက်နေ့ကတည်းက စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ သတ်ဖြတ်တာတွေမရှိဘဲ ပုံမှန် နယ်မြေလုံခြုံရေးဆောင်ရွက်နေတာလို့ အောက်တိုဘာလ ၂၃ ရက်နေ့က ထုတ်ပြန်ပြောဆိုထားပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၁၈ ရက်နေ့က ဘုတလင်မြို့နယ်၊ စီပါရွာမှာ ရက်ရက်စက်စက် သတ်ဖြတ်ခံရသူ ခြောက်ဦးနဲ့ ပတ်သက်ပြီး ကျူးလွန်ခဲ့တာမရှိကြောင်း အောက်တိုဘာ ၂၁ ရက်နေ့မှာ စစ်ကောင်စီက ငြင်းဆိုထားပါတယ်။