ဘုတလင်မှာ ဒေသခံ ၂၅၀ ကျော် ဖမ်းဆီးခံရ
2024.12.29

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်က ရွာတွေကို သုံးရက်ဆက်တိုက် ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံ ၂၅၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ ဘုတလင်မြို့ခံတွေက RFA ကို ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ပြောပါတယ်။
မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ဒီဇင်ဘာလ ၂၅ ရက်နေ့က ၂၇ ရက်နေ့အထိ သုံးရက်အတွင်း ရွာတွေကို စီးနင်းခဲ့တာလို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက် ၄ နာရီမှာ စစ်ကားငါးစီးနဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ဘုတင်လင်မြို့နယ်ထဲက ဇီးတောရွာကို စစ်ကြောင်းထိုးပြီး အရပ်သားတွေကို ဖမ်းဆီးတာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနောက် ဇီးတော၊ ရွှေချောင်းလည်၊ သရက်တိုရိုး၊ ကံသစ် ရွာတွေက ဒေသခံတွေနဲ့ မုံရွာ-ဘုတလင် လမ်းမပေါ် သွားလာတဲ့ခရီးသွားတွေကိုလည်း ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းဟာ ကူတော်ရွာမှာ အထိုင်ချဖို့ ဖမ်းဆီးထားတဲ့ ဒေသခံတွေကို လူသားဒိုင်းလုပ်ပြီး စစ်ကြောင်းထိုးတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘုတလင်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"ပြန်လွှတ်တာမျိုးတော့ မရှိသေးဘူးဗျ၊ စစ်ကြောင်းနဲ့ ခေါ်ပြီးတော့ လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်ဗျ။ စစ်ကြောင်းကတော့ ဘုတလင်မြို့ အနောက်မြောက်ဘက် ကူတော်ရွာ အထိုင်ချတပ်စခန်းမှာပါ။ အဲဒီကို ရောက်သွားပါပြီ"
စစ်ကြောင်းကြောင့် ဇီးတော၊ ရွှေချောင်းလည်၊ သရက်တိုရိုး၊ ကံသစ် စတဲ့ ရွာတွေအပါအဝင် ကျေးရွာ ၁၅ ရွာထက်မနည်းက ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
အောက်တိုဘာလ ၁၁ ရက်ကနေ ၂ဝ ရက်နေ့အတွင်း ဘုတလင်မြို့နယ်ထဲက စီပါရွာ အပါအဝင် ရပ်ကွက်၊ ကျေးရွာ ၁၇ ခုကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်စီးနင်းပြီးနောက် အရပ်သား ၂၄ ဦး သတ်ဖြတ်ခံရတယ်လို့ NUG လူ့အခွင့်အရေး ဝန်ကြီးဌာနက အောက်တိုဘာလ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။