ဘုတလင်က အရပ်သား နှစ်ရာနီးပါး ဆက်လက်ဖမ်းဆီးခံထားရ

RFA Burmese
2025.01.01
ဘုတလင်က အရပ်သား နှစ်ရာနီးပါး ဆက်လက်ဖမ်းဆီးခံထားရ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါရွာမှ နေအိမ်အချို့အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီးခံထားရတဲ့ အရပ်သား နှစ်ရာနီးပါးဟာ ဇန်နဝါရီလ ၁ ရက်နေ့အထိ ပြန်မလွတ်သေးဘူးလို့ ဘုတလင် ဒေသခံတွေက RFA ကိုပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဇန်နဝါရီလ ၁ ရက်နေ့ မနက်ပိုင်းက ဘုတလင်မြို့နဲ့ တက်လှိုင်းရွာအကြားမှာ ဖမ်းဆီးထားသူထဲက အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကို သေနတ်နဲ့ပစ်သတ်သွားသလို၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ကလည်း ဝန့်တုံရွာအနီးမှာ အသက် ၂၀ အရွယ် လူငယ်တစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြေပါတယ်။

မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က အင်အားတစ်ရာဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက ဒီဇင်ဘာလ ၂၅ ရက်ကနေ ၂၇ ရက်နေ့အတွင်း ဘုတလင်မြို့ အပါအဝင် ဇီးတော၊ နှောပင်ရိုး စတဲ့ရွာတွေ အပါအဝင် ရွာခြောက်ရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံ နှစ်ရာဝန်းကျင်ကို စစ်ကြောင်းနဲ့အတူ ဖမ်းဆီးထားတာပါ။

စစ်ကောင်စီတပ် စစ်ကြောင်းက ဇန်နဝါရီ ၁ ရက်နေ့ မနက်ပိုင်းမှာ ဘုတလင်မြို့ကို ပြန်ဝင်သွားပြီး အသက်ကြီးပိုင်းတချို့ ပြန်လွှတ်ပေးခဲ့ပေမဲ့ ကျန်တဲ့သူတွေကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် အကူအညီပေးသူတစ်ဦးက RFA ကိုပြောပါတယ်။

"စစ်ကြောင်းသွားတဲ့အချိန်မှာ နည်းနည်းလေး အသက်ကြီးတဲ့သူကို လွှတ်တာတောင် လေးငါးယောက်လောက်ပဲ လွှတ်တာ။ အများကြီး မလွှတ်ဘူး။ ခရီးသည် ကားသမားကအစ အကုန်လုံး အခုအချိန်အထိ မလွတ်သေးဘူးဗျ။ အဖမ်းခံရသူတွေက အလုပ်သမားတွေပဲ။ တောထဲလုပ်နေရင်းနဲ့ စစ်ကြောင်းနဲ့ တိုးတဲ့အချိန်မှာ ကောက်ဆွဲသွားတယ်။ အိပ်နေရင်းနဲ့ ပေါ်တာဝင်ဆွဲတာ ရပ်ကွက်ထဲက လူတွေပါတယ်"

အဖမ်းဆီးခံရသူတွေထဲမှာ ဘုတလင်မြို့ပေါ်ရပ်ကွက်က အရပ်သား ၇၀ နီးပါး ပါဝင်ပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ ဘုတလင်မြို့ကိုလာတဲ့ လမ်းတစ်လျှောက် ဖမ်းဆီးခံရသူ ၇၉ ဦးလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

ဘုတလင်မြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးပြီး အရပ်သားတွေကို ဖမ်းဆီးနေတာကြောင့် ဘုတလင်မြို့ အပါအဝင် မြောက်ကြည်၊ လွှဲတဲ၊ ရှမ်းတဲ၊ တက်လှိုင်း၊ စီပါ၊ စတဲ့ ရွာပေါင်း ဆယ်ရွာကျော်က အရပ်သား တစ်သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။