ဘုတလင် ကူတော်ရွာ ဒေသခံတွေ မြေမြှုပ်မိုင်းကြောင့် နေရပ်မပြန်နိုင်သေး

RFA Burmese
2025.01.14
ဘုတလင် ကူတော်ရွာ ဒေသခံတွေ မြေမြှုပ်မိုင်းကြောင့် နေရပ်မပြန်နိုင်သေး ဘုတလင်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များကို ၂၀၂၄ ခုနှစ်၊ မေလ ၂၁ ရက်နေ့က တွေ့ရစဥ်။
Facebook/ The Helpers For Spring

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာမှာ စစ်ကောင်စီတပ်ရဲ့ မြေမြှုပ်မိုင်းနဲ့ ရှေ့ထွက်မိုင်းတွေ ရှိနေတာကြောင့် နေရပ်မပြန်နိုင်ကြသေးဘူးလို့ ကူတော်ဒေသခံတွေက RFA ကို ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ပြောပါတယ်။

အင်အား သုံးဆယ်ခန့်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က ကူတော်ရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီလ ၁ ရက်နေ့မှာ စခန်းစွန့်ခွာခဲ့ပြီး စခန်းပတ်ပတ်လည်က မီတာ သုံးရာဝန်းကျင်မှာ မြေမြှုပ်မိုင်းနဲ့ ရှေ့ထွက်မိုင်းတွေ ထောင်ထားခဲ့တာလို့ ဆိုပါတယ်။

ဇန်ဝါရီလ ၂၃ ရက်နေ့ကတော့ မြေမြှုပ်မိုင်းကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကူတော်ရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရွာထဲဘက်ကို မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်တာ။ ကူတော်က ရဲဘော်တစ်ယောက် ခြေထောက်ဖြတ်လိုက်ရတယ်။ ပြီးတော့ ရှေ့ထွက်မိုင်း ဆယ်လုံးကျော်လောက်ရတယ်။ နင်းမိုင်းက ခုနစ်လုံးလောက် ရပါတယ်”

အိမ်ခြေ လေးရာကျော်ရှိတဲ့ ကူတော်ရွာမှာ စစ်ကောင်စီတပ်ရဲ့ အကြိမ်ကြိမ် မီးရှို့ ဖျက်ဆီးမှုကြောင့် အိမ် ရှစ်ဆယ်ခန့်ပဲ ကျန်တော့ပြီး ဒေသခံ သုံးထောင်ကျော်က နေရပ်စွန့်ခွာနေရဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

မြေမြှုပ်မိုင်းရှင်းလင်းရေးတွေ လုပ်နေဆဲဖြစ်တာကြောင့် ဒေသခံတွေ ရွာထဲပြန်ဝင်လို့မရသေးဘူးလို့ ဘုတလင်မြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

ကူတော်ရွာ စစ်ကောင်စီတပ်စခန်းဟာ အခိုင်အမာ ခံစစ်ပြင်ထားပြီး ကတုတ်ကျင်းတွေနဲ့ ဘန်ကာအမြောက်အမြားရှိနေတဲ့ စခန်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ဘုတလင်မြို့နယ်ထဲမှာ မြို့ပေါ်က ရဲစခန်း၊ ထွေအုပ်ရုံး၊ ဘဏ်နဲ့ အမှတ် (၁) အခြေခံ ပညာအထက်တန်းကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကလွဲလို့ တခြား စစ်ကောင်စီတပ်စခန်းတွေမရှိတော့ဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောပါတယ်။

ဘုတလင်မြို့နယ်က အခြေအနေနဲ့ပ တ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက် ပစ္စည်းတွေကြောင့် ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လူတစ်ထောင်ကျော် (၁၀၀၃ ဦး) သေဆုံး၊ ဒဏ်ရာရပြီး ဒါဟာ ကမ္ဘာမှာ အရေအတွက်အများဆုံးဖြစ်တယ်လို့ နိုင်ငံတကာ မြေမြှုပ်မိုင်းသုံးစွဲမှု ပပျောက်ရေး လှုပ်ရှားမှုအဖွဲ့ (ICBL) ရဲ့ နိုဝင်ဘာ ၂၀ ရက် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။