မြန်မာဟာ မြေမြှုပ်မိုင်းကြောင့် သေဆုံး ဒဏ်ရာရသူအများဆုံး နိုင်ငံဖြစ်ကြောင်း UNOCHA ပြော

RFA Burmese
2025.02.19
မြန်မာဟာ မြေမြှုပ်မိုင်းကြောင့် သေဆုံး ဒဏ်ရာရသူအများဆုံး နိုင်ငံဖြစ်ကြောင်း UNOCHA ပြော ရသေ့တောင်မြို့နယ် စေတီပြင်ရွာမှ မိုင်းနင်းမိပြီး ဒဏ်ရာရသည့် လူနာအား ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့က သယ်ဆောင်လာစဉ်။
RFA

မြန်မာနိုင်ငံဟာ ကမ္ဘာတစ်ဝန်းမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော လက်နက်တွေကြောင့် သေဆုံးဒဏ်ရာရသူ အများဆုံး နိုင်ငံဖြစ်နေတယ်လို့ မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့တွေထံက သိရကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်တဲ့ သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော လက်နက်တွေကြောင့် သေဆုံးသူ ၁၀၀၃ ယောက်နဲ့ အများဆုံးဖြစ်ပြီး ဆီးရီးယားက ၉၃၃ ယောက်နဲ့ ဒုတိယအများဆုံး၊ အာဖဂန်နစ္စတန်က ၆၅၁ ယောက်နဲ့ တတိယအများဆုံးဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဟာ တိုင်းပြည်ရဲ့ အရှေ့မြောက်၊ အနောက်မြောက်နဲ့ အရှေ့တောင်ဒေသတွေမှာ ဆက်လက်ဖြစ်ပွားနေတယ်လို့လည်း UNOCHA က ပြောပါတယ်။

ပဋိပက္ခတွေပိုပြင်းထန်လာနေပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် လေးနှစ်အကြာမှာ လူသားချင်းစာနာမှု လိုအပ်ချက်တွေ ပိုတိုးလာတယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂစာရင်းအရ ပြည်တွင်းရွှေ့ပြောင်းနေထိုင်မှု စံချိန်တင်မြင့်လာနေပြီး လူပေါင်း ၃ ဒသမ ၅ သန်းလောက် ရွှေ့ပြောင်းနေထိုင်နေရတယ်လို့ ဆိုပါတယ်။

လူပေါင်း ၁၅ သန်းကျော်က စားနပ်ရိက္ခာ မလုံမလောက်ဖြစ်နေပြီး ပညာရေးနဲ့ကျန်းမာရေး ဝန်ဆောင်မှုတွေ ဆိုးဆိုးဝါးဝါးပြတ်တောက်နေတယ်လို့ ထောက်ပြပါတယ်။

သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ လုံခြုံတဲ့အမိုးအကာမရသလို သောက်သုံးရေ ပြတ်လပ်နေတယ်လို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ငွေကြေးမလုံလောက်မှုနဲ့ တခြားစိန်ခေါ်မှုတွေ ရှိခဲ့ပေမဲ့ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေဟာ လူပေါင်း ၄ ဒသမ ၂ သန်း ကျော်ထံ ရောက်ရှိခဲ့တယ်လို့ ပြောပါတယ်။

ဒီနှစ်အတွက် လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်နဲ့ တုံ့ပြန်ရေးစီမံချက်ဟာ လူပေါင်း ၅.၅ သန်းဆီကို အရေးပါတဲ့အကူအညီတွေရောက်ဖို့ ရည်မှန်းထားပြီး အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံလိုအပ်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။