မြန်မာအစိုးရသစ်ကို ပိတ်ဆို့မှုများ တိုးမြှင့်ဖို့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ပြောကြား
2011.04.01

လန်ဒန်မြို့က ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ မနေ့က ကျင်းပတဲ့ ဗြိတိန်အစိုးရရဲ့ ၂၀၁၀ ခုနှစ် နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ပွဲမှာ နိုင်ငံခြားရေး ဝန်ကြီး ဝီလျမ်ဟိတ်က ခုလို ပြောဆိုခဲ့တာ ဖြစ်ကြောင်း အဲဒီအခမ်းအနား တက်ရောက်ခဲ့တဲ့ Burma Campaign UK အဖွဲ့က မဇိုရာဖန်းက ပြောပါတယ်။
“အဲဒီ မိန့်ခွန်းထဲမှာပေါ့နော်၊ အဓိက ပြောသွားတာကတော့ ဒီ အခု အစိုးရသစ်ကိုတော့ သူတို့ အသိအမှတ် မပြုဘူး ဆိုတော့ သူတို့ ပြောတယ်။ အာဏာရှင် ဖြစ်နေတုန်းပဲပေါ့နော်။ အဲဒါကြောင့် ဒီ အာဏာရှင်တွေ သူတို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဲဒါ အရေးယူ ပေးနိုင်ဖို့အတွက် နိုင်ငံတကာရဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် တကယ်လိုအပ်ကြောင်း သူ အဲဒီမှာ ပြောခဲ့ပါတယ်။”
“ပြီးတော့ အခု လောလောဆယ် အီးယူဖက်က သူတို့ ဒီ နိုင်ငံခြားရေး ပေါ်လစီပေါ့နော်၊ ဒီ မြန်မာနိုင်ငံကို ကိုင်တွယ်တဲ့ အချိန်မှာ ဖိအားပေးမှုတွေ ပိုပြီးတော့ လုပ်နိုင်အောင် အီးယူကနေတဆင့် အဲဒါ ဗြိတိန်အစိုးရလည်း ကြိုးပမ်းနေတယ်လို့ ကျွန်မတို့ သိရပါတယ်။”
ဒါ့ပြင် ဗြိတိန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ဖိအားပေး ပိတ်ဆို့အရေးယူမှုတွေ ထပ်မံတိုးမြှင့်ရေးကိစ္စကိုတခြားအီးယူ ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံအများစုက ထောက်ခံ အားပေး ဆောင်ရွက်လာအောင် တွန်းအားပေး ဆောင်ရွက်သွားဖို့ ရှိတယ်လို့ မဇိုရာဖန်းက ပြောပါတယ်။ ဒီအစီရင်ခံစာ ထုတ်ပြန်ပွဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ ဆိုးဝါးနေတဲ့ မြန်မာနဲ့ အီရန်နိုင်ငံတွေအပြင် အာဏာရှင် အစိုးရဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ ပေါ်ပေါက်နေတဲ့ အရှေ့အလယ်ပိုင်းက နိုင်ငံတွေက အခြေအနေတွေကိုလည်း ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလျမ်ဟိတ်က အလေးထား ပြောဆိုသွားတယ်လို့လည်း မဇိုရာဖန်းက ပြောပါတယ်။
“ဝီလျမ် ဟိတ်ကိုယ်တိုင် သူ အများဆုံး ပြောနေတာကတော့ အီရန်ရယ်၊ မြန်မာပြည်ရယ် အဲဒီ နှစ်ခုကို သူ ခဏခဏ ပြောဖြစ်ပါတယ်။ ပြီးတော့ အခြားနိုင်ငံတွေ ဆိုရင် လစ်ဗျားတို့ပေါ့နော်၊ ပြီးတော့ ယီမင်၊ ဘာရိန်း၊ အခုလောလောဆယ် အရှေ့အလယ်ပိုင်း ဒေသမှာ ရှိနေတဲ့ နိုင်ငံတွေအကြောင်း တော်တော်များများလည်း သူပြောဖြစ်ပါတယ်။”
“အခုလောလောဆယ် ဗြိတိသျှ အစိုးရရဲ့ ဒီ နိုင်ငံခြားရေး မူဝါဒပေါ့နော်၊ မြန်မာပြည်အပေါ်မှာ သူတို့ရဲ့ မူဝါဒကတော့ အင်မတန်ကို ကောင်းတယ်လို့ ကျွန်မ မြင်တယ်လေ။ အဲဒါကြောင့် ကျွန်မတို့ကတော့ ဗြိတိသျှ အစိုးရကို အင်မတန်ကို ကြိုဆိုပါတယ်။ ဒီလိုမျိုး သဘောထား ရှိတဲ့အတွက်ကြောင့်ပေါ့နော်။ အဲဒါကြောင့် အခြား နိုင်ငံတွေလည်း ဒီလိုမျိုး ဖြစ်လာအောင် ကျွန်မတို့လည်း အီးယူမှာ lobby တွေ၊ လှုပ်ရှားမှုတွေ ရှိနေတယ်ပေါ့နော်။”
ဒီအစီရင်ခံစာထုတ်ပြန်ပွဲကို ဗြိတိသျှ အစိုးရဌာနတွေက အရာရှိတွေ၊ AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ Burma Campaign-UK အဖွဲ့အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တွေ၊ သတင်းမီဒီယာတွေက ပုဂ္ဂိုလ်တွေ စုစုပေါင်း လူ ၁၀၀ ကျော်လောက် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီအစီအရင်ခံပါ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဖော်ပြချက်တွေ၊ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ Burma Campaign UK အဖွဲ့က မဇိုရာဖန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်း တင်ပြထားပါတယ်။
B0331KYA