ဘီးလင်းမြို့နယ် ကျုံအိတ်တံတားမိုင်းခွဲခံရမှု သုံးဦးသေဆုံးပြီး ငါးဦးထက်မနည်းဒဏ်ရာရ
2023.06.29

မွန်ပြည်နယ်၊ သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အစပ်၊ ရန်ကုန်-မြဝတီကားလမ်းပေါ်က ကျုံအိတ်တံတား ဇွန်လ ၂၉ ရက် မနက် ၄ နာရီခန့်မှာ မိုင်းခွဲခံရမှုနဲ့ ထပ်မံတိုက်ခိုက်ခံရမှု တွေကြောင့် သုံးဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ အဲဒီနေရာမှာ ကူညီကယ်ဆယ်ရေး လုပ်ပေးနေတဲ့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
ပထမတစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် တံတားကျိုးကျတဲ့အထဲပါသွားတဲ့ ကားနှစ်စီးထဲက သထုံခရိုင် ဥပဒေရုံးဝန်ထမ်း ကိုစိုးမိုး သေဆုံးပြီး သထုံခရိုင်၊ မှုခင်းမှတ်တမ်းရုံးက ရဲတပ်သား ကိုမြတ်မင်း ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက် တံတားကျိုးကျတဲ့ဖြစ်စဉ်ကို စစ်ကောင်စီလက်အောက်ခံ သထုံခရိုင်ရဲမှူး၊ မြို့နယ်မှူး၊ လုံခြုံရေးအဖွဲ့တွေနဲ့ ဌာနဆိုင်ရာတွေက လာရောက်စစ်ဆေးချိန် မနက် ၇ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးကြဲခံရတာကြောင့် နှစ်ဦးထပ်မံသေဆုံးပြီး ငါးဦးထက်မနည်း ထိခိုက်မှုရှိခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
သေဆုံးသူနှစ်ဦးထဲမှာ ခရိုင်လမ်းဦးစီး (EE) ဦးဇော်မင်း ပါဝင်ပြီး ဒဏ်ရာရသူတွေထဲမှာ သာမန်အရပ်သားပြည်သူလည်းပါဝင်တယ်လို့ ဆိုပါတယ်။
ဒုတိယအကြိမ် တိုက်ခိုက်ခံရမှုမှာ နှစ်ဦးထပ်မံသေဆုံးတယ်ဆိုတာ မှန်ကန်ကြောင်းနဲ့ ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဘီးလင်းမြို့နယ် လူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
“ဟုတ်ပါတယ်။ သေတာက နှစ်ယောက်သေတယ်။ ဒဏ်ရာရတာကတော့ ငါးယောက်၊ ခြောက်ယောက်လောက်တော့ရှိမယ်။ ကျွန်တော်တို့က သေတဲ့သူနှစ်ယောက်ကို သယ်တာဆိုတော့ ဒဏ်ရာရတဲ့သူအရေအတွက်တော့ အတိအကျမသိသေးဘူး”
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်လို့ ထုတ်ပြန်မှုတစ်စုံတစ်ရာ မရှိသေးသလို စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရ ပြည်နယ်အတွင်းရေးမှူး ဦးတိုးဝင်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ ဒီတိုက်ခိုက်မှုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းတပ်တွေ လုပ်တာဖြစ်ပြီး၊ အရပ်သား သုံးဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရတယ်လို့ သတင်းမီဒီယာတွေကို ဖြေဆိုထားပါတယ်။
လက်ရှိအချိန်မှာတော့ ပြိုကျခဲ့တဲ့ ကျုံအိတ်တံတားအနီးမှာ စစ်ကောင်စီတပ်နဲ့ရဲတွေက လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။