ပြည်မြို့ ခေတ္တရာပန်းခြံရှေ့မှာ ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ် လုံခြုံရေးတင်းကျပ်ထား
ပဲခူးတိုင်း ပြည်မြို့ ဗိုလ်ချုပ်လမ်းမပေါ် ခေတ္တရာပန်းခြံရှေ့ စစ်ကောင်စီတပ်သားတွေ လုံခြုံရေးယူထားတဲ့ နေရာမှာ စက်တင်ဘာ ၆ ရက် ဒီနေ့ ပေါက်ပွဲမှုနှစ်ကြိမ်ဖြစ်ခဲ့ပြီးတဲ့နောက် သေနတ်သံတွေ ဆက်တိုက်ကြား ခဲ့ရသလို တစ်မြို့လုံးကိုလည်း ပိတ်ဆို့ရှာဖွေနေတယ်လို့ ပြည်မြို့ခံတွေက ပြောပါတယ်။
ပထမကြိမ်တစ်ကြိမ် ပေါက်ကွဲခဲ့ပြီးနောက် တစ်မြို့လုံးကလမ်းတွေပိတ်ထားပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးနေချိန်မှာ အရင်ပေါက်ကွဲတဲ့နေရာမှာပဲ ထပ်ပြီးနောက်တစ်ကြိမ် ပေါက်ကွဲခဲ့တာလို့ ပြည်မြို့ခံ တစ်ဦးက ပြောပါတယ်။
“နှစ်နာရီခွဲလောက်မှာ တစ်ကြိမ်ပေါက်တယ်။ အဲဒီကတည်းက တစ်မြို့လုံးမှာ လမ်းတွေပိတ်ပြီး စစ်ဆေးနေတာ။ သုံးနာရီဆယ့်ငါးလောက်မှာ အဲဒီနေရာမှာ ဒုတိယတစ်ကြိမ် ထပ်ပေါက်တယ်။ ဒုတိယ အကြိမ်ထပ်ပေါက်ပြီးတဲ့နောက်မှာ အတွဲလိုက်ပစ်ခတ်သံတွေ ကြားရတာပဲ”
ပေါက်ပွဲမှုတွေဖြစ်ခဲ့တဲ့ ခေတ္တရာပန်းခြံဟာ မြို့တော်ခန်းမနဲ့ တဆက်တည်းဖြစ်ပြီး ပြည်မြို့ရဲ့ အချက်အခြာ ကျတဲ့နေရာဖြစ်တာကြောင့် စစ်ကောင်စီတပ်တွေက ပုံမှန်လုံခြုံရေးယူထားတဲ့ နေရာလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပြည်မြို့ရဲ့နေရာအများအပြားမှာ စစ်ကောင်စီတပ်သားတွေက ခြောက်လှန့်ပစ်ခတ်နေသလို လမ်းဆုံလမ်းခွတွေနဲ့ အချက်အခြာကျတဲ့ နေရာတွေကို ပိတ်ဆို့ပြီး ကားတွေ၊ ဆိုင်ကယ်တွေကို စစ်ဆေးနေ တယ်လို့လည်း ဆိုပါတယ်။
အခုပေါက်ပွဲမှုကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာတာ၊ သေဆုံးတာတွေရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။