မန္တလေးက မြန်မာ့ဆက်သွယ်ရေးရုံး ဗုံးကွဲ
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် မင်းကြီးရန်နောင်လမ်းက မြန်မာ့ဆက်သွယ်ရေး (MPT) ရုံးရှေ့မှာ နိုဝင်ဘာ ၂၉ ရက် ဒီနေ့မနက် ၈ နာရီလောက်က ဗုံးပေါက်ကွဲခဲ့ရာ စစ်သား လေးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
MPT ရုံးရှေ့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဗုံးခွဲတိုက်ခိုက်ခဲ့လို့ စစ်သား လေးယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ (မန္တလေး) က ထုတ်ပြန်ထားပါတယ်။
ဗုံးပေါက်ကွဲအပြီး စစ်သားတွေက သေနတ်တွေနဲ့ အနီးပတ်ဝန်းကျင်ကို ပစ်ခတ်ပေမယ့် ပြောက်ကျား တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမှုဖြစ်တယ်ဆိုတာကို သိလိုက်ပေမယ့်လည်း လူတွေထိခိုက်သေဆုံးမှု ရှိ၊ မရှိတော့ မသိရဘူးလို့ မန္တလေးမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။
ဒီပေါက်ကွဲမှုဖြစ်စဉ် အခြေအနေတွေနဲ့ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။
နိုဝင်ဘာလ ၂၄ ရက်က ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ (GZP) က မဟာအောင်မြေမြို့နယ် ၄၁ လမ်း ကုန်စိမ်းဈေးမှာ စစ်ကားတစ်စီး ဗုံးနဲ့အပစ်ခံရလို့ ပေါက်ကွဲကာ စစ်သား နှစ်ယောက် သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့ကလည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက် ကုန်စိမ်းတန်း ညဈေးအနီး ကင်းလှည့်နေတဲ့ ရဲကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။