ဟားခါးမြို့မှာ ဗုံးပေါက်ကွဲခဲ့လို့ CDF လူငယ် သုံးဦး သေဆုံး

ချင်းပြည်နယ် မြောက်ပိုင်း ဟားခါးမြို့မှာ ဇွန်လ ၅ ရက် မနေ့ညနေပိုင်းက မြို့သစ်ရပ်ကွက်က နေအိမ် တစ်အိမ်မှာ ဗုံးပေါက်ကွဲခဲ့လို့ လူငယ် သုံးဦး သေဆုံးခဲ့တယ်လို့ ဟားခါး CDF အဖွဲ့က ပြောပါတယ်။
"ကျွန်တော်တို့ CDF အဖွဲ့ဝင် သုံးယောက်နေတဲ့ အိမ်နားမှာ ဗုံးပေါက်တာ။ သုံးယောက်လုံး သေသွားတယ်၊ နှစ်ယောက်ကတော့ ပွဲချင်းပြီးပဲ။ တစ်ယောက်ကတော့ ဆေးရုံပို့ဖို့ လုပ်တဲ့ချိန် ဆုံးသွားတာ။ အခုထိ ဘယ်သူလုပ်တာလဲ၊ ဘယ်လို ပေါက်ကွဲတာလဲဆိုတာ မသိရသေးဘူး" လို့ ဟားခါး CDF အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
ဟားခါးမြို့မှာ ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီက မြို့တွင်း လမ်းသွား၊ လမ်းလာသူ အယောက် ၄၀ ကျော်ကို ဖမ်းဆီးထားတဲ့အပြင် သေဆုံးသူ CDF အဖွဲ့ဝင် သုံးဦးရဲ့ မိသားစုဝင်တွေကိုပါ ဖမ်းဆီးထားတယ်လို့ ဒေသခံ တွေက ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူတွေဟာ ဆလိုင်း Phun Sang၊ ဆလိုင်းTial Chawnနဲ့ ဆလိုင်း Lai Kulh Thang ဖြစ်ပါတယ်။