လပွတ္တာမှာ အုပ်ချုပ်ရေးမှူးရုံး ဗုံးကွဲလို့ ရုံးစာရေးတစ်ဦးဒဏ်ရာရ

RFA Burmese
2024.05.15
လပွတ္တာမှာ အုပ်ချုပ်ရေးမှူးရုံး ဗုံးကွဲလို့ ရုံးစာရေးတစ်ဦးဒဏ်ရာရ လပွတ္တာမြို့ ကမ်းနားလမ်းတစ်နေရာအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

ဧရာဝတီတိုင်း လပွတ္တာမြို့ (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ မေလ ၁၅ ရက်နေ့ ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်လို့ ရုံးစာရေးတစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးကွဲမှုအပြီး လူနာတင်ယာဥ်တစ်စီး ရောက်လာပြီး ဒဏ်ရာရသူကိုခေါ်သွားသလို ညတွင်းချင်း အဲဒီရပ်ကွက်က ဒေသခံလူငယ် အနည်းဆုံး သုံးဦးခန့်လည်း ဖမ်းဆီးခံလိုက်ရတယ်လို့ လပွတ္တာမြို့ခံတစ်ဦးက ပြောပါတယ်။

“(၄) ရပ်ကွက်၊ ရပ်ကွက်ရုံး ကဏန်းတန်းမှာ။ အဲဒီရပ်ကွက်ရုံးမှာ ည ရှစ်နာရီလောက်က ပေါက်တာ။ စာရေးတစ်ယောက် ထိတယ်။ ဗုံးကွဲသံက တော်တော်ကျယ်တယ်”

ဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့က လုပ်တယ်ဆိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်မှုရဖို့ ဧရာဝတီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး.ဦးခင်မောင်ကြည်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

ဧပြီလကလည်း (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ရဲ့နေအိမ်မှာ ဗုံးကွဲမှုဖြစ်ခဲ့ပြီး နေအိမ်ရဲ့အမိုးနဲ့ အသုံးအဆောင်ပစ္စည်းတချို့ ပျက်စီးခဲ့ပါတယ်။ အဲဒီတုန်းကတော့ မြို့ခံ လူသုံးဆယ်ခန့် ဖမ်းဆီးစစ်ဆေးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။