မြန်မာ ၂ ဦး ဖမ်းဆီးထားမှု မြန်မာ မကန့်ကွက်လို့ ထိုင်း ဝန်ကြီးချုပ်ပြော
2014.10.12

ထိုင်းတောင်ပိုင်း ခိုတောင်းကျွန်းလူသတ်မှုအတွက် မြန် မာနိုင်ငံသား ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးထားတဲ့ အပေါ် မြန်မာအစိုးရဖက်က စိုးရိမ်ကြောင်း ပြောဆို ကန့်ကွက်တာမရှိဘူးလို့ ထိုင်းဝန်ကြီးချုပ် ပရာယု ချန်အိုချားက ပြောကြားလိုက်ပါတယ်။
မြန်မာသမ္မတဦးသိန်းစိန်က ထိုင်းလူသတ်မှုအတွက် မြန် မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးထားတဲ့အမှုမှာ မျှမျှတတ စုံစမ်းစစ်ဆေးပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို တောင်းဆို ခဲ့ကြောင်း သတင်းတွေထွက်လာအပြီး ထိုင်းဝန်ကြီးချုပ်က အခုလို ဖြေကြားလိုက်တာဖြစ်ကြောင်း စနေနေ့ထုတ် ထိုင်းပြည်တွင်းထုတ် the Nation သတင်းစာက ရေး သားထားပါတယ်။
တချိန်ထဲမှာလည်း လူသတ်မှုအတွက် ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းချက်အစီရင်ခံစာမှာ သက်သေအထောက် အထား လိုအပ်ချက်တွေရှိနေသေးတဲ့အတွက် လာမယ့် ကြာသပတေးနေ့ နောက်ဆုံးထား ပြင်ဆင်တင်ပြဖို့ ဆူရတ်သနီ အခြေစိုက် အမှတ် ၈ ဒေသကြီး ရှေ့နေချုပ်ရုံးက ထိုင်းရဲတပ်ဖွဲ့ကို ပြောကြားလိုက်ကြောင်း မနေ့က ထုတ်ဝေတဲ့ Bangkok Post သတင်းစာက ရေးသားထားပါတယ်။
ထိုင်းရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲရဲ့ ပြောခွင့်ရသူ ရဲမှူး Kissana Phathanacharoen က ဗြိတိန် နိုင်ငံ သား ၂ ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ဝန်ခံချက်ကို စွပ်စွဲခံရသူ မြန်မာအလုပ်သမား ၂ ဦးအနေနဲ့ ပြန်ရုတ်သိမ်းတာမရှိကြောင်း၊ ရဲတပ်ဖွဲ့အနေနဲ့ တိကျခိုင်မာတဲ့အထောက်ထားရှိကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် ဝန်ခံချက်ရဖို့ နှိပ်စက်ညှဉ်းပန်းတာမျိုးလည်းမလုပ်ခဲ့ဘူးလို့ ထိုင်းရဲတပ်ဖွဲ့က ငြင်းပါတယ်။
ထိုင်းရဲမှူး Prachum ကတော့ စွပ်စွဲဖမ်းဆီးခံထားရသူတွေ အနေနဲ့ အခြေခံလွတ်လပ်စွာ ပြောခွင့်ရှိတဲ့ အတွက် ပြောချင်ပြောခွင့်ရှိကြောင်း၊ သူတို့ ဝန်ခံသည်ဖြစ်စေ၊ ဝန်ခံချက်ရုတ်သိမ်းသည်ဖြစ်စေ အမှုအတွက် ရဲက ရှာဖွေစုဆောင်းထားတဲ့ သက်သေအထောက်အထားတွေကို ဘာမှထိရောက်မှု မရှိကြောင်း ပြောကြားပါတယ်။
သူတို့အနေနဲ့ ဝန်ခံထားမယ်ဆိုရင် တရားရုံးအမှုစီရင်တဲ့အခါ သက်ညှာတဲ့ အပြစ်ဒဏ်တောင်ရနိုင်ကြောင်းလည်း ရဲမှူး Prachum က ပြောပါတယ်။
ဒီလူသတ်မှုမှာ ပြစ်မှုထင်ရှားကြောင်း တရားရုံးက စီရင်ဆုံးဖြတ်ရင် မြန်မာအလုပ်သမား ၂ ဦးအနေနဲ့ သေဒဏ်အထိ ကျခံရဖို့ ရှိပါတယ်။