ဘီးလင်းမြို့မှာ အဖမ်းခံရတဲ့ NLD ပါတီဝင်နှစ်ဦး အလောင်း ပြန်တွေ့
မွန်ပြည်နယ်၊ ဘီလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ပြည်နယ် လွှတ်တော်အမတ် ဦးကျော်မျိုးမင်းနဲ့အတူ ပြီးခဲတဲ့ ဇွန်လ ၂၂ ရက်နေ့က အဖမ်းခံလိုက်ရတဲ့ ပါတီဝင်နှစ်ဦးရဲ့ အလောင်းတွေကို ဇူလိုင်လ ၂ ရက် မနေ့က ပြန်တွေ့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
သတ်ဖြတ်ခံရသူတွေကတော့ NLD ပါတီဝင်တွေဖြစ်တဲ့ အသက် (၅၅) နှစ်အရွယ် ဦးပန်းမြင့်နဲ့ အသက် (၅၂) နှစ်အရွယ် ဦးကိုကိုမောင်တို့ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ အစည်းအဝေးတစ်ခုကနေ ပြန်အလာ ပေါ်ခိကျေးရွာနားမှာ စစ်ကောင်စီက ဖမ်းသွားတာ၊ လေးယောက် အဖမ်းခံရတယ်။ တစ်ယောက်က ထွက်ပြေးလွတ်လာတယ်။ သုံးယောက် ဖမ်းခံလိုက်ရပြီး နှစ်ယောက်ရဲ့ အလောင်းတွေကိုတွေ့တာ။ အလောင်း တွေကို မြေမြှုပ်ထားတာမှာ လက်တွေပေါ်လာလို့ တူးလိုက်တဲ့အခါ သိရတာ။ စစ်ကောင်စီရဲ့ ဒီလိုလုပ်ရက်တွေက မှတ်တမ်းနဲ့ ထားရှိထားတာမို့ တစ်ချိန်မှာ ဥပဒေအရရင်ဆိုင်ရမယ် ”
လက်ရှိ အဖမ်းခံထားရတဲ့ ပြည်နယ်လွှတ်တော်အမတ် ဦးကျော်မျိုးမင်းနဲ့ အခုထိ အဆက်အသွယ် မရသေးသလို ဘယ်နေရာမှာ ဖမ်းဆီးထားလဲဆိုတာလည်း မသိရသေးတာကြောင့် မိသားစုက စိတ်ပူနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ ဇွန်လကလည်း ထုံးဘိုလေးရွာကို ဝင်ရောက်ခဲ့ပြီး ထွက်မပြေးနိုင်တဲ့ မသန်စွမ်းတစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဦးပန်းမြင့်နဲ့ ဦးကိုကိုမောင် သေဆုံးမှုအတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) သထုံခရိုင်၊ တပ်မဟာ (၁) မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲရေး ကော်မတီကလည်း အလေးနီပြုပြီး သူရဲကောင်းများအဖြစ် မှတ်တမ်းတင်ကြောင်း ဇူလိုင်လ ၃ ရက် ဒီနေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။