ဇန်နဝါရီဒုတိယပတ်ထဲမှာ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ တွေ့ဆုံဖို့ အစိုးရကမ်းလှမ်း
2021.01.08

ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူချက်ရဖို့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်လေးဖွဲ့နဲ့ အစိုးရတို့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီနေ့ ဇန်နဝါရီလ ၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။
ဆွေးနွေးပွဲကို လာမယ့်သီတင်းပတ်ထဲမှာ ကျင်းပဖို့ အစိုးရဘက်က ကမ်းလှမ်းထားပြီး မြောက်ပိုင်း မဟာမိတ်လေးဖွဲ့ဘက်က အကြောင်းမပြန်သေးဘူးလို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ပြောလိုက်တာပါ။
အစိုးရရဲ့ ပဏာမ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူချက်မူကြမ်းကို မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရက္ခိုင့်တပ်တော် AA၊ တအာင်းလွတ် မြောက်ရေးတပ် TNLA နဲ့ ကိုးကန့် MNDAA အဖွဲ့တို့ကို ပေးပို့ထားပြီးပြီလို့လည်း ပြောပါတယ်။
အစိုးရဘက်ကတော့ တွေ့ဆုံပွဲကို မြစ်ကြီးနား၊ ဒါမှမဟုတ် ကျိုင်းတုံမြို့မှာ ကျင်းပနိုင်ဖို့ စီစဉ်နေပါတယ်။
ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ဒေသတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့၊ ဒေသဖွံ့ဖြိုးတိုးတက်ဖို့၊ အပစ်အခတ်ရပ်စဲရေးခိုင်မာဖို့၊ နှစ်ဖက်တပ်တွေ တိုက်ပွဲမဖြစ်အောင် ရှောင်ရှားနိုင်ဖို့နဲ့ တပ်နေရာချထားရေး နယ်မြေကိစ္စတွေအပြင် စစ်ဘေးဒုက္ခသည်တွေ ကိစ္စတွေကိုလည်း တစ်ဖွဲ့ချင်းစီနဲ့ ဆွေးနွေးသွားဖို့ အစိုးရဘက်က စီစဉ်ထားတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
တပ်မတော်နဲ့ အစိုးရက မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ အကြောင်းကြားထားတာ မှန်တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က RFA ကို ဇန်နဝါရီလ (၁) ရက်နေ့က ပြောထားပါတယ်။
ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ဦးခိုင်သုခကတော့ အဲဒီလိုတွေ့ဆုံဖို့ကိစ္စ အခုအချိန်ထိ သူ့ဆီကို အတည်ပြုချက် မရောက်သေးဘူးလို့ RFA ကို ဒီနေ့ ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေထဲက ရက္ခိုင့်တပ်တော် AA၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်ဖွဲ့ TNLA နဲ့ ကိုးကန့် MNDAA အဖွဲ့တို့က အခု ဇန်နဝါရီနဲ့ လာမယ့်ဖေဖော်ဝါရီ နှစ်လတာ အပစ်ရပ်ထားမယ်လို့ ဇန်နဝါရီ (၁) ရက်နေ့က ကြေညာထားပါတယ်။