ဘင်္ဂါလီ လှေစီးဒုက္ခသည်တွေ ပစ်ခတ်ခံရတဲ့သတင်း ပြည်နယ် ဥပဒေချုပ် ငြင်းဆို

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ကို လှေတွေနဲ့ ထွက်ပြေးခဲ့ကြတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို ရဟတ် ယာဉ်နဲ့ လိုက်လံပစ်ခတ် ခဲ့တယ်ဆိုတဲ့ သတင်းတွေ မကြာခင် ရက် ပိုင်းက ပေါ်ထွက်ခဲ့ပါတယ်။

2012.06.23
bangladesh-border-boat-b305 ၂၀၁၂ ခုနှစ် ဇွန်လက ဘင်္ဂလားဒေ့ချ် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ်။
AFP

ဒီသတင်းတွေနဲ့ ပတ်သက်ပြီး အတည်ပြုနိုင်မှု ရှိမရှိ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို အာအက်ဖ်အေက မေးမြန်းခဲ့ရာမှာ အတည် မပြုနိုင်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

"အဲဒီဟာ မမှန်ပါဘူး။ ကျွန်တော်တို့ သိထားတဲ့ထဲမှာ အခုစက်လှေတွေနဲ့ ပင်လယ်ထဲမှာ နေတယ်ဆိုတာ မရှိပါဘူး။ ကျွန်တော်ခုနကပြောတဲ့ အလယ် ဖရုံကာက ရွာတစ်ရွာနားမှာ ရှိတယ်"

စစ်တွေအနီး အလယ်ဖရုံကာမှာ ခိုလှုံနေသူ လူသုံးထောင်ကျော် ဘင်္ဂါလီ ရိုဟင်ဂျာအဖွဲ့တစ်ဖွဲ့ရှိပြီး ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ လုံခြုံရေးတွေ ပေးထားကြောင်း၊ အခုအခါ သူတို့ကို စစ်တွေမှာရှိတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ပူးပေါင်းထားရှိဖို့ စီစဉ်နေကြောင်း ဦးလှသိန်းက ပြောပါတယ်။

စစ်တွေမြို့ ဈေးကြီးကိုလည်း ပြန်ဖွင့်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် စစ်ရေယာဉ်တွေနဲ့ ရောက်ရှိနေတဲ့ ကုန်ပစ္စည်းတွေကို ပဋိပက္ခ ကာလအတွင်း အလုပ်သမား မလုံလောက်တဲ့အတွက် မချနို င်ဘဲ ဖြစ် ခဲ့ရာက မနေ့ကစလို့ တစ်စီးပြီးတစ်စီး အမြန်သယ် ချနေကြောင်း၊ ကုန်သည်တွေလက်ထဲ ကုန်ပစ္စည်းတွေ ရောက်ရှိသွားရင် ပြည် သူတွေဆီ ကုန်စည်စီးဆင်းမှု မြန်ဆန်လာမှာ ဖြစ်ကြောင်း လည်း ပြောဆိုပါတယ်။

စစ်တွေ အပါအဝင် ရခိုင်ပြည်နယ် မြို့တချို့မှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ (၁၄၄) ရုပ်သိမ်းနိုင်ခြေ ရှိမရှိနဲ့ ပတ်သက်လို့လည်း ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက -

"ပုဒ်မ ၁၄၄ ထုတ်တယ်ဆိုတာ ဥပဒေကြောင်းပေါ့။ ၁၄၄ ထုတ်တယ်ဆိုလို့ရှိရင် ၂ လပေါ့။ ၂ လကြာတဲ့ အခါမှာ ရုတ်သိမ်းဖို့ မသင့်သေးဘူး၊ မတည်ငြိမ်သေးဘူး ဆိုရင်တော့ ဒီအမိန့်ကို ဆက်လက်ပြီးတော့ ကျင့်သုံးဖို့ ကြေညာမှာ ဖြစ်ပါတယ်။ ဒီ ၂ လ မကြာပဲနဲ့ လုံခြုံမှုတွေက ကောင်းသွားပြီ၊ စောစောစီးစီး အခြေအနေ ကောင်းသွားပြီ ဆိုလို့ရှိရင် စောစောစီးစီး ပြန်ရုပ်လိုက်ရင် ရပါတယ်။ ခဲရာ ခဲဆစ်တော့ မဟုတ်ပါဘူး"

အလားတူ ရခိုင်ပြည်နယ်မှာ ထုတ်ပြန်ထားတဲ့ အရေးပေါ် အခြေအနေ ကြေညာချက်ဟာလည်း (၃) လအတွင်း အစိုးရက ပြည်ထောင်စု လွှတ်တော်ကို တင်ပြရမှာဖြစ်ပြီး၊ လွှတ်တော်က ဆက်လက် ထားရှိဖို့ သင့်မသင့် ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း လယ်သမားတွေ လယ်ပြန်ထွန်နိုင်ဖို့ အတွက် လံြုခုံရေးတွေ စီစဉ်နေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။