ပင်လည်ဘူးမှာ လေကြောင်းတိုက်ခိုက်မှုအပြီး ဒေသခံတွေကို ရှောင်ခိုင်းနေ

စစ်ကိုင်းတိုင်းအထက်ပိုင်း ပင်လည်ဘူးမြို့နယ် ဝမ်းဘဲအင်းရွာအနီးမှာ စက်တင်ဘာလ ၂၆ ရက် မနေ့က စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပင်လည်ဘူးကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့ တို့အကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ပင်လည်ဘူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က မနေ့က ထုတ်ပြန် ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး မြို့နယ်တွေမှာ ဖုန်းနဲ့ မိုဘိုင်းအင်တာနက်ကိုပါ ဖြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ပုန်းခိုကျင်းလိုနေရာတွေ တူးထားကြဖို့နဲ့ တိုက်ပွဲဧရိယာနဲ့ ဝေးရာကို တိမ်းရှောင် ကြဖို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း အရပ်သားတွေကို ရှောင်ခိုင်းနေတာကြောင့် ဝမ်းဘဲအင်းနဲ့ အနီးအနားက ရှစ်ရွာလောက်က ဒေသခံ ၃၀၀၀ ကျော်လောက် ထွက်ပြေးနေကြရတယ်လို့ ကောလင်းမြို့နဲ့ အနီးဆုံးဖြစ်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ကသာမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
"ပင်လယ်ဘူးမှာ ကျတော့ စစ်ရှောင်ရမယ့်သူတွေကို စစ်ရှောင်ရမယ့်နေရာ သတ်မှတ်ပေးပြီး ရှောင်ခိုင်းတယ်တဲ့၊ မရှောင်တဲ့သူ ရွာထဲမှာနေတဲ့သူဆိုရင် တာဝန်မယူဘူးပေါ့ဗျာ။ အဲလိုအမိန့် ထုတ်တယ်တဲ့။ ပြေးမယ်ဆိုရင် သုံးထောင်လောက်တော့ ရှိမယ်ဗျ။ တစ်ရွာနဲ့တစ်ရွာက တစ်မိုင်လောက်ပဲ ဝေးတာဆိုတော့။ အဲဒီ တံတားဝန်းကျင်က တိုက်ပွဲဖြစ်သွားတဲ့ ရွာက ရှစ်ရွာ၊ ဆယ်ရွာလောက် ရှိမယ်ဆိုတော့ လူက နှစ်ထောင်၊ သုံးထောင်လောက်တော့ ရှိနိုင်တယ်ဗျ။ ရက်တိုဆိုရင် အဲဒီလောက် မဆိုပေမယ့် လေယာဉ်တွေ ဘာတွေနဲ့ဆိုတော့ ရွာသူ၊ ရွာသားတွေက တအား ကြောက်ကြမှာဗျ။ တောသူတောင်သားတွေဆိုတော့ တချို့ အသက်ကြီးတဲ့သူတွေဆိုရင် ဘယ်မှသွားတာလာတာ မဟုတ်ဘူး။ ရထား၊ သင်္ဘောတောင် မမြင်ဖူးကြသူတွေ ရှိတယ်"
ဒီနေ့မှာတော့ ကောလင်းမြို့ဘက်ကိုသွားတဲ့ ကုန်ကားတွေနဲ့ ခရီးသည်တင်ကားတွေကို စစ်တပ်က တင်းကျပ်စစ်ဆေးနေတယ်လို့ သူကဆိုပါတယ်။
မနေ့က နေ့လယ်ပိုင်းမှာလည်း ကန့်ဘလူမြို့အထွက်မှာ ခရီးသွားကားတွေကို အချိန်သုံးနာရီလောက်အထိ ရပ်တန့်ခိုင်းခဲ့ပြီး ဒဏ်ရာရ စစ်ကောင်စီတပ်သားတွေ ရဟတ်ယာဉ်တွေနဲ့သယ်တာ၊ တချို့ကို ကန့်ဘလူ ဆေးရုံကို ပို့ဆောင်တာတွေရှိကြောင်း ဒေသခံ ကားသမားတွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး အဲဒီ ကသာမြို့ခံက ပြောပါတယ်။
ပင်လည်ဘူးမြို့နယ် ဆားတောင်ပုံရွာအနီးမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF အဖွဲ့တွေနဲ့ KIA တို့ ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၁၅ ဦး သေဆုံးခဲ့သလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန် ထားပါတယ်။
စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုအခြေအနေနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင် သေးပါဘူး။
ဒေသခံတွေကတော့ အဲဒီနေ့က တိုက်ပွဲနဲ့ဆက်စပ်ပြီး စက်တင်ဘာလ ၂၆ ရက်နေ့မှာ စစ်ကောင်စီဘက်က ဖုန်းနဲ့ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ပြီး ဝမ်းဘဲအင်းကျေးရွာ အနီးတစ်ဝိုက်ကို လေကြောင်း တိုက်ခိုက်မှု လုပ်ခဲ့တာလို့ ပြောကြပါတယ်။
စစ်ကောင်စီက သူတို့ကို တော်လှန်တိုက်ခိုက်နေတဲ့ ဒေသခံတွေမှာ အင်တာနက်ဖြတ်တောက်နေတာ အခုဆိုရင် နိုင်ငံတစ်ဝန်း ၂၅ မြို့နယ်အထိ ရှိလာနေပါပြီ။
ပင်လည်ဘူးမြို့နယ်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ခဲ့ပါဘူး။
ကယားပြည်နယ် ဒီးမော့ဆိုမြိုနယ်မှာတော့ စက်တင်ဘာ ၂၅ နဲ့ ၂၆ ရက်နေ့တွေက စစ်ကောင်စီ တပ်နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF တို့အကြား ကုန်းသာနဲ့ သေးဆူလဲကျေးရွာတွေအနီးမှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"နေအိမ် အလုံး ၃၀ လောက် မီးရှို့ပစ်လိုက်တယ် စစ်ကောင်စီက"
အဲဒီတိုက်ပွဲမှာ KNDF အဖွဲ့ဘက်က ရဲဘော် နှစ်ဦး သေဆုံးခဲ့သလို အဲဒီရွာနှစ်ရွာက နေအိမ်အလုံး ၃၀လောက် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ KNDF က ပြောပါတယ်။ အဲဒီအိမ်တွေကို စစ်ကောင်စီတပ်ဘက်က မီးရှို့ခဲ့တာလို့ KNDF က အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ကုန်းသာရယ် ကျောက်ဆည်ကန်မှာရယ် တိုက်ပွဲတွေဖြစ်တယ် ပထမ တစ်ရက်ကတော့ PDF တစ်ယောက် ကျတယ်။ လွိုင်ကော်က ကျနော်တို့ဘက် တစ်ယောက် ကျတယ်။ မနေ့ကတုန်းမှာတော့ ကျနော်တို KNDF က တစ်ယောက်ကျတယ်။ ကျတဲ့တစ်ယောက်ကတော့ ဖမ်းမိရင်း ကျသွားတာပါ။ စစ်ကောင်စီဘက်က ဖမ်းမိရင်း ကျသွားတာပါ။ စစ်ကောင်စီဘက်က ၁၀ ယောက်ထက် မနည်းကျတယ်။ နေအိမ် အလုံး ၃၀ လောက် မီးရှို့ပစ်လိုက်တယ် စစ်ကောင်စီက"
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲဖြစ်ချိန် စစ်ကောင်စီဘက်က ကျေးရွာတွေရှိတဲ့ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကုန်းသာကျောက်ဆည်ကန် အနီးအနား ကျေးရွာက ဒေသခံ တစ်သောင်းကျော်ဟာလည်း နီးစပ်ရာ တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဒုက္ခသည်တွေ အတွက် နေထိုင်စားသောက်ရေး အခက်အခဲရှိနေတယ်လို့ ထွက်ပြေးနေရတဲ့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ကျမတို ၂၅ ရက်နေ့ မနက် ကိုးနာရီ မှာပေါ့နော်၊ စစ်ကောင်စီဘက်ကနေ လက်နက်ကြီးတွေနဲ့ပစ်တော့ အိမ်တွေ ပါတုန်တယ်။ ပြီးတော့ တစ်ရွာလုံးလည်း ထွက်ပြေးကြကုန်တော့ ကျမတို့လည်း ရရာစုထားတဲ့ အဝတ်တွေ ဆန်၊ ဆီ၊ ဆားတွေ ယူပြီးတော့မှ စက်နဲ့ပြေးကြတယ်ပေါ့နော်။ တောထဲပြေးတော့လည်း မိုးရွာထားတော့ ရွှံ့တွေနဲ့ဆိုတော့ စက်တွေ ခံတာတို အဲလိုတွေဖြစ်တယ်။ ညရောက်တော့လည်း မိုးကြီးတော့ မိုးကာနဲ့ ထောင်အိပ်နေရတာဆိုတော့ မိုးယိုတာတို့၊ ညဘက်မအိပ်နိုင်တာတို ရှိတယ်ပေါ့နော် အခက်အခဲ"
စစ်ကိုင်းတိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပြင် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ နေအိမ်တွေကို မီးရှို့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့်လည်း အကြောင်းမပြန်ပါဘူး။
စက်တင်ဘာလ ၂၇ ရက်နေ့ ဒီကနေ့ မှာတော့ စစ်ကောင်စီဘက်က ဒီးမော့ဆိုမြို့နယ် ညောင်ကုန်းရွာဘက်ကို တပ်တွေ ပြန်လည်ဆုတ်ခွာ နေတယ်လို့ ဒေသခံက ပြောကြပါတယ်။