ပလောင်၊ ကိုးကန့်နဲ့ “ဝ”လူမျိုးတွေ ဒေသတွင်း ခရီးသွားလာခွင့် ကန့်သတ်ခံနေရ
2024.08.23

ရှမ်းပြည်နယ်မှတ်ပုံတင် အမှတ် ၁၃ မျဥ်းစောင်း ကိုင်ဆောင်တဲ့ ပလောင်၊ ကိုးကန့်၊ “ဝ”လူမျိုးတွေကို စစ်ကောင်စီတပ်က ခရီးသွားလာခွင့် ကန့်သတ်တင်းကျပ်ထားတယ်လို့ ဒေသခံတွေနဲ့ အဝေးပြေးယာဥ်လိုင်းတချို့က RFA ကို ပြောပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးလမ်းပိုင်းမှာ ပြေးဆွဲနေတဲ့ အဝေးပြေးယာဥ်တွေမှာ ပလောင်၊ ကိုးကန့်နဲ့ “ဝ”လူမျိုးတွေ ခရီးသွားလာခွင့် မရဘူးလို့ တာချီလိတ်မြို့မှာ နေထိုင်နေတဲ့ ပလောင်လူငယ် အမျိုးသား တစ်ဦးက RFA ကို ပြောပါတယ်။
“တာချီလိတ်ကနေ အောင်ပန်းကိုသွားဖို့ ကားဂိတ်ကို ဖုန်းဆက်တာ။ ကားသမားက ခဏလေး ပြန်ဆက်ပေးမယ်ဆိုပြီး ဆက်မလာဘူး။ ယောက်ျားလေး နှစ်ယောက်သွားမယ်။ နှစ်ယောက်စလုံး ပလောင်လူမျိုးလို့ ပြောလိုက်တာ၊ လိုက်လို့ ရ မရ ဆိုတာကို မန်နေဂျာကို မေးကြည့်ရမယ်ဆိုပြီး ပြောတယ်။ နောက်တော့ သွားလို့မရဘူး”
RFA က တာချီလိတ်-တောင်ကြီး ပြေးဆွဲနေတဲ့ အဝေးပြေးယာဥ်လိုင်းတချို့ကို ဆက်သွယ်စုံစမ်းခဲ့ရာမှာလည်း ပလောင်၊ ကိုးကန့်နဲ့ “ဝ”လူမျိုးတွေ ခရီးသွားလာခွင့်ကို တရားဝင် ညွှန်ကြားစာနဲ့ ကန့်သတ်တာမရှိပေမဲ့ လမ်းပိုင်းတွေမှာ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေက အဲဒီလူမျိုးတွေကို မတင်ဖို့နဲ့ တင်လာရင်လည်း တင်းတင်းကျပ်ကျပ် စစ်ဆေးတယ်လို့ ပြောပါတယ်။
တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး ပြင်ထန်နေတဲ့ ရှမ်းမြောက်က လာရှိုးမြို့ကို ကိုးကန့်တပ်မတော် (MNDAA) က သိမ်းယူလိုက်ပြီးနောက် ခရီးသွားလာမှုကို စစ်ကောင်စီဘက်က ကန့်သတ်လာတာလို့ ဆိုပါတယ်။
ဒါပေမဲ့ တောင်ကြီး-မန္တလေး-ရန်ကုန် ပြေးဆွဲနေတဲ့ ယာဥ်လိုင်းတွေကတော့ ဒါနဲ့ပတ်သက်လို့ ညွှန်ကြားချက် မရှိသေးကြောင်း RFA ကို ပြောပါတယ်။
“လမ်းကြောမှာ စစ်တာ၊ ဆေးတာတော့ ရှိတယ်။ ပလောင်၊ “ဝ”၊ ကိုးကန့် ခရီးသွားခွင့် ပိတ်တယ်လို့ သတင်းတွေတော့ တွေ့နေတာပါ။ ကျွန်တော်တို့ဆီတော့ အဲဒီလိုမျိုး ပြောလာတာ မရှိသေးဘူး”
ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
ရခိုင်ပြည်မှာလည်း တိုက်ပွဲတွေ ပြင်းထန်ပြီး နယ်မြေတချို့ လက်လွှတ်ဆုံးရှုံးမှုတွေရှိလာချိန် စစ်ကောင်စီက ရခိုင်မှတ်ပုံတင် ကိုင်ဆောင်သူတွေကို ခရီးသွားလာခွင့် ကန့်သတ်တာ၊ ရန်ကုန်မှာ နေထိုင်သူစာရင်း ကောက်ယူတာ လုပ်ပါတယ်။