မြန်မာနိုင်ငံမှ လျှပ်စစ်နှင့် ဆန်ဝယ်ယူရေး ဘင်္ဂလာဒေ့ရှ် ဆွေးနွေးမည်

ဘင်္ဂလာဒေ့ရှ် မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး ဆွေးနွေးပွဲကို လာမဲ့ဗုဒ္ဓဟူးနေ့မှာ ဒါကာမြို့တော်မှာ ၂ ရက်ကြာ ကျင်းပပြုလုပ်မယ်လို့ ဘင်္ဂလာဒေ့ရှ်နိုင်ငံထုတ် The New Nation သတင်းစာမှာ ဖော်ပြပါရှိပါတယ်။ မြန်မာဖက်က လျှပ်စစ်စွမ်းအင်ကို ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ရောင်းချရေး ဆွေးနွေးနေဆဲ ဖြစ်ပြီး သဘောတူညီမှု ရရှိခဲ့ရင် မြန်မာနိုင်ငံက လျှပ်စစ်ဓာတ်အား မီဂါဝပ် ၁ ထောင်ကို ဘင်္ဂလာဒေ့ရှ်က ဝယ်ယူမယ်လို့ သိရပါတယ် ။

2010.09.20
electric_generator_boy_305_z.jpg ရန်ကုန်မြို့တွင် လျှပ်စစ်ဂျင်နရေတာကို စက်နှိုးနေသော ကလေးတစ်ဦးပုံ
Photo: AFP
အဲဒီစည်းဝေးပွဲမှာ ၂ နိုင်ငံအကြား နယ်စပ်ကုန်သွယ်မှု၊ ဘဏ်လုပ်ငန်းတိုးမြှင့်ရေး၊ ဆန်၊ ဓာတ်မြေသြဇာ၊ လျှပ်စစ်စွမ်းအင်တင်ပို့ရေး၊ ရေကြောင်းဆက်သွယ်မှုနဲ့ ငါးလုပ်ငန်းကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးမယ်လို့ကုန်သွယ်ရေး ဝန်ကြီးဌာနသတင်းများအရ သိရပါတယ် ။ ဒါ့အပြင် မြန်မာ-ဘင်္ဂလာဒေ့ရှ် ရထားလမ်း ဖောက်လုပ်ရေးကိစ္စကို ထည့်သွင်း ဆွေးနွေးမယ်လို့လည်း သိရပါတယ် ။

နှစ်နိုင်ငံ ကုန်သွယ်မှု နဲ့စီးပွားရေးလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးရေးမှာ အရေးပါတဲ့ ကားလမ်းနဲ့ ရထားလမ်း ဖောက်လုပ်ရေးကို ပိုပြီး အဓိကထား ဆွေးနွေးဖို့ ရှိတယ်လို့ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ် ။ ဘင်္ဂလာဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကလည်း ဘင်္ဂလာဒေ့ရှ်နဲ့ တရုတ်ပြည် ဆက်သွယ်မဲ့ ရထားနဲ့ ကားလမ်းကို မြန်မာနိုင်ငံကို ဖြတ်ပြီး ဖောက်လုပ်ဖို့ မြန်မာစစ် အစိုးရက သဘောတူလိုက်ပြီလို့ မကြာသေးခင်က ထုတ်ဖော်ပြော ကြား ခဲ့ ပါတယ် ။

အဖွဲ့ဝင် ၁၈ ဦး ပါဝင်မဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို ကုန်သွယ်ရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်တင်က ဦးဆောင် မှာ ဖြစ်ပြီး ဘင်္ဂလာဒေ့ရှ်ဖက်ကတော့ ကုန်သွယ်ရေးဝန်ကြီး ဂူလမ်ဟိုစိန်က ဦးဆောင်မှာပါ ။

ဆေးနဲ့ ဆေးပစ္စည်း သွင်းကုန်ထုတ်ကုန်ကဏ္ဍအတွက် နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးဖို့ မြန်မာဖက်က တင်ပြခဲ့ပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အလားအလာကတော့ မသေချာဘူးလို့ သိရပါတယ် ။

၂ နိုင်ငံ ကုန်သွယ်မှုမှာ ၂၀၀၈-၂၀၀၉ ခုနှစ်အတွင်း ဘင်္ဂလာဒေ့ရှ်ဖက်က အမေရိကန် ဒေါ်လာ ၉၂ သိန်းဖိုး မြန်မာဖက်ကို ရောင်းချခဲ့ပြီး ၊ အမေရိကန်ဒေါ်လာ ၆၆ သန်းဖိုး မြန်မာဖက်ကနေ ပြန်လည် ဝယ်ယူ တင်သွင်းခဲ့တယ်လို့ သိရပါတယ် ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။