ဗန်းမော်မှာ လေတပ်စခန်း အပစ်ခံရပြီးနောက် ဖမ်းဆီးခံသူ ငါးဦးပြန်မလွတ်သေး

2022.11.08
ဗန်းမော်မှာ လေတပ်စခန်း အပစ်ခံရပြီးနောက် ဖမ်းဆီးခံသူ ငါးဦးပြန်မလွတ်သေး ကချင်ပြည်နယ် ဗန်းမော်မြို့တွင်း တစ်နေရာကို တွေ့ရစဉ်။
Photo: Citizen Journalist

ကချင်ပြည်နယ် ဗန်းမော်မြို့က စစ်ကောင်စီတပ်ရဲ့လေတပ်စခန်း နိုဝင်ဘာလ ၅ ရက်နေ့ ညက လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ ဒေသခံ ခုနစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“လေတပ်စခန်း ပစ်ခတ်ခံရပြီးတဲ့နောက်မှာ (၂) မိုင်အောင်သာဂိတ်က စစ်ကောင်စီ တပ်တွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးပြီးဖမ်းတာ။ အစပိုင်းဖမ်းထားတာက အများကြီးပဲ။ တချို့ကိုပြန်လွှတ်ပြီး ခုနစ်ယောက်ကို ဖမ်းခေါ်သွားတာ။ ဒီနေ့ ၁၂ နာရီမှာ နှစ်ယောက်တော့ ပြန်လွတ်ပြီ။ ကျန်တဲ့ ငါးယောက်ကိုတော့ ဖမ်းထားဆဲပဲ။  ယမ်းငွေ့အနံ့ရတယ်ဆိုပြီး ဖမ်းသွားတာ”

ဒီနေ့ နေ့လယ်ပိုင်း ပြန်လွတ်လာတဲ့ နှစ်ဦးကတော့ (၂) မိုင် အောင်သာရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၆ နှစ်အရွယ်ဝန်းကျင် နဝမတန်း ကျောင်းသားတွေ ဖြစ်တယ်လို့ ပြောပါတယ်။

လေတပ်စခန်း ပစ်ခတ်ခံရတဲ့နေ့ကလည်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ ခြောက်ဦးက ဗန်းမော် (၂)မိုင် အောင်သာရပ်ကွက်ကဖြစ်ပြီး ကျန်တဲ့တစ်ဦးကတော့ ဘူဒူဇာရပ်ကွက်က ကျောင်းဆရာတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

ဘူဒူဇာရပ်ကွက်မှာ‌ နေထိုင်တဲ့ ကျောင်းဆရာကတော့ ကန့်တော်ရွာဘက်မှာ စာသွားသင်ပြီး ပြန်လာချိန် ည ၁၀ နာရီလောက်မှာ အဖမ်းခံခဲ့ရတာလို့ ဒေသခံက ပြောပါတယ်။

“အဲဒီညက လေတပ်စခန်းကို ပစ်ခတ်ခံရတော့ Tank ကားတစ်စီး ပျက်သွားတယ်လို့ ပြောတယ်။ အဲဒါဖြစ်ပြီး စစ်ဆေးပြီးဖမ်းတာပေါ့။ ကျနော်တို့ ရပ်ကွက်က ကျောင်းဆရာတစ်ယောက် ဦးယိန်းနူးပေါ့ သူကိုလည်းဖမ်းထားတယ်။ အခုထိ ပြန်မလွှတ်သေးဘူး”

အဲဒီလေတပ်စခန်းကို ဘယ်အဖွဲ့က ပစ်ခတ်ခဲ့သလဲ ဆိုတာတော့ မသိရ‌သေးဘူးလို့ ဒေသခံကဆိုပါတယ်။

ဗန်းမော်မြို့နယ် မိုးမောက်မြို့နယ်မှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့ကနေ ဒီနေ့အထိ ဖြစ်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦးသေဆုံးခဲ့သလို ရှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက‌ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။