ကျောင်းထုတ်ခံရတဲ့ ကျောင်းသားတွေကိစ္စ ဗကသ သတင်းစာရှင်း
2018.01.29

ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တာကြောင့် ကျောင်းထုတ်ခံရတဲ့ ကျောင်းသား ကျောင်းသူတွေကို ကျောင်းပြန်တက်ခွင့်ပေးဖို့နဲ့ အဲဒီကိစ္စကို အစိုးရအနေနဲ့ အမြန်ဆုံးဖြေရှင်းပေးဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ရွှေသိမ်ဓမ္မသင်္ဂီကျောင်းတိုက်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗကသ အထွေထွေအတွင်းရေးမှူး မရွှေရည်စိုးလင်း က အခုလိုပြောပါတယ်။
"၂၀၁၆ လောက်တုန်းက အစိုးရက နိုင်ငံရေးပြစ်မှုပြစ်ဒဏ်များဆိုတာကို ပယ်ထားတယ်၊ တခြားသော ပြစ်မှုပြစ် ဒဏ်တွေကျန်တဲ့အခါ ဘာဖြစ်လဲဆိုတော့ အခုကိစ္စမှာ အများကြီးသက်သေပြတယ်။ ဒီပြစ်မှုပြစ်ဒဏ်တွေက ကျောင်းသားတွေကို မလိုရင်မလိုသလို အချိန်မရွေး ကျောင်းထုတ်ပစ်နိုင် တယ်ဆိုတာကိုပြနေတယ်။ မတရား တဲ့ကျောင်းစည်းကမ်းတွေကို ဖျက်သိမ်းဖို့ လိုအပ်ပါတယ်။ ဆန္ဒပြနေတဲ့ကျောင်းသားတွေကို ကျောင်းထုတ်တဲ့ ကိစ္စက အမြန်ဆုံးဖြေရှင်းပေးဖို့လိုပါတယ်။ အစိုးရကနေ အမြန်ဆုံးဖြေရှင်းပေးပါ။ သက်ဆိုင်ရာဌာန၊ သက်ဆိုင် ရာဝန်ကြီးတွေက အမြန်ဆုံးဖြေရှင်းပေးပါ။ ဒါမှ ဒီအစိုးရရဲ့သိက္ခာကို ပြန်ဆယ်နိုင်မှာ ဖြစ်ပါလိမ့်မယ်။ မဟုတ်ဘူး ဆိုရင်တော့ ကျမတို့ဘက်က တုံ့ပြန်စရာရှိတာတွေကို တုံ့ပြန်သွားရပါလိမ့်မယ်"
ကျောင်းသားတွေကို ကျောင်းထုတ်တာကို လက်မခံကြောင်း၊ ကျောင်းစည်းကမ်းတွေဟာလည်း ဒီမိုကရေစီ စည်းကမ်းနဲ့ မညီကြောင်း၊ အစိုးရအသစ်အနေနဲ့ ဒီမိုကရေစီပညာရေးတောင်းဆိုချက် ၁၁ ချက်ကို ဖြေရှင်းပေးခြင်း မရှိတာကြောင့် အစိုးရအနေနဲ့ အမြန်ဆုံးဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ ဗကသ အထွေထွေအတွင်းရေးမှူး ကိုကောင်းထက်ကျော် က ပြောပါတယ်။
အစိုးရအနေနဲ့ဆက်ပြီး မဖြေရှင်းဘဲနေမယ်ဆိုရင် ကျောင်းသားတွေအနေနဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ် လို့လည်း ပြောပါတယ်။
ပညာရေးရန်ပုံငွေတိုးမြှင့်ပေးဖို့တွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေက မန္တလေးမြို့ ရတနာပုံတက္ကသိုလ်မှာ ဇန်နဝါရီ ၂၂ ရက်နေ့ကနေစပြီး ဆန္ဒပြကြတာဖြစ်ပါတယ်။