ဗကသညီလာခံကို သပိတ်မှောက် ခဲ့တဲ့ ကျောင်းသားသမဂ္ဂ ၅ ခုက ကိုယ်စားလှယ်တွေ သတင်းစာရှင်း
2016.11.29

ကရင်ပြည်နယ် ဘားအံမြို့မှာ ကျင်းပခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသညီလာခံကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေထဲမှာ ကျောင်းသားသမဂ္ဂတွေ ချမှတ်ထားတဲ့ မူတွေနဲ့ မကိုက်ညီသူတွေ ပါဝင်နေတဲ့အတွက် ညီလာခံကို သပိတ်မှောက်ပြီး ပြန်လာခဲ့တာဖြစ်ကြောင်း တက္ကသိုလ်ကျောင်းသားသမဂ္ဂ ငါးခုက ကိုယ်စားလှယ်တွေက ပြောပါတယ်။
ဒီနေ့ မန္တလေးမြို့ ရတနာပုံတက္ကသိုလ်မှာ ကျောင်းသားသမဂ္ဂ ၅ခုက ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ အထွေထွေအတွင်းရေးမှူး ကိုကျော်သီဟရဲကျော် က ပြောတာဖြစ်ပါတယ်။
"တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေထဲမှာ အခြေခံသမဂ္ဂမရှိတဲ့ ကိုယ်စားလှယ်တွေလည်း ပါတယ်ဗျာ၊ နောက်ပြီးတော့ ကိုယ်စားလှယ် အရည်အချင်းနဲ့ မပြည့်မီဘူးလို့ထင်ရတဲ့သူတွေလည်း ပါတယ်ဗျာ၊ အဲ့လိုမျိုးတွေကြောင့် ကျနော်တို့က ကန့်ကွက်ပြီးတော့ လှည့်ပြန်ခဲ့ရတာပါ"
ညီလာခံကို သပိတ်မှောက်ခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ၁၅ ခုထဲက ရတနာပုံတက္ကသိုလ်ကျောင်းသား သမဂ္ဂ၊ မန္တလာဒီဂရီကော လိပ်ကျောင်းသားသမဂ္ဂ၊ မုံရွာတက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ ဗန်းမော်နည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂနဲ့ ကလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေက သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။
ညီလာခံကို သပိတ်မှောက်ကန့်ကွက်ခဲ့ပေမယ့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) နဲ့ ဆက်လက်ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ သမဂ္ဂအဖွဲ့ဝင်တွေက ပြောပါတယ်။
ဗကသ ဦးဆောင်အဖွဲ့သစ်ကို ရွေးချယ်ဖို့နဲ့ ကျောင်းသားထုအားလုံးပါဝင်တဲ့ ညီလာခံကျင်းပဖို့အတွက် ပြီးခဲ့တဲ့ နိုဝင် ဘာလ ၂၆ ရက်နေ့ကနေ့ ၂၈ ရက်နေ့အထိ ဘားအံမြို့တောရကျောင်းမှာ ဗကသညီလာခံကို ကျင်းပခဲ့တာဖြစ် ပါတယ်။
အဲဒီညီလာခံကနေ ဗဟိုလုပ်ငန်းကော်မတီဝင် ၂၁ ဦးကို ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။