ပဲခူးတိုင်းက မြို့သုံးခုမှာ ရေဆက်ကြီးနိုင်ကြောင်း မိုးဇလ ပြော

RFA Burmese
2024.09.26
ပဲခူးတိုင်းက မြို့သုံးခုမှာ ရေဆက်ကြီးနိုင်ကြောင်း မိုးဇလ ပြော ရေကြီးရေလျှံမှု ဖြစ်ခဲ့သည့် ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်ရှိ ဒေသခံများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့က ကူညီခဲ့စဉ်။
Facebook/ ဦးတေဇသိရီ ဓာတ်ပုံ

ပဲခူးတိုင်းက ပဲခူး၊ မဒေါက်နဲ့ တောင်ငူမြို့တွေမှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေဆဲဖြစ်ပြီး မြစ်ရေကြီးမှုတွေ ဆက်ဖြစ်လာနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှူ ဦးစီးဌာနက စက်တင်ဘာလ ၂၆ ရက် ဒီမနက်မှာ ထုတ်ပြန်ပါတယ်။

ပဲခူးမြစ်ရေဟာ ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ် တစ်လက်မ ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း လေးလက်မခန့် မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

အလားတူ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ စိုးရိမ်ရေမှတ်အထက် တစ်ပေခွဲခန့် ကျော်လွန်နေပြီး မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်အထက် နှစ်ပေခွဲကျော် မြင့်တက်နေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်ငူမြို့ခံတစ်ဦးကတော့ မြစ်ရေကြီးမှုဟာ ရေကျဆင်းမှု အနည်းငယ်သာရှိပြီး ရေဘေးဒုက္ခသည်တချို့ နေရပ်မပြန်နိုင်ကြသေးဘူးလို့ RFA ကို ပြောပါတယ်။

ဒီ့အပြင် တောင်ငူမြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်အခြမ်းက ရွာတွေမှာလည်း မြစ်ရေကြီးမှုကြောင့် ကယ်ဆယ်ရေး အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှူ ဦးစီးဌာနကတော့ ပဲခူး၊ တောင်ငူနဲ့ မဒေါက်မြို့နယ်အတွင်း မြစ်ကမ်းအနီးနဲ့ မြေအနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အသိပေးထားပါတယ်။

ရာဂီမုန်တိုင်းအရှိန်ကြောင့် နိုင်ငံတစ်ဝန်းရေကြီး မြေပြိုမှုတွေဖြစ်ပြီးနောက် လူ ၄၁၉ ဦးသေဆုံးသွားသလို စပါးစိုက်ဧက ခုနစ်သိန်းခွဲကျော် ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၂၄ ရက်မှာ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။