ဆစ်ဒနီအခြေစိုက် မြန်မာအဖွဲ့များ သြစတြေးလျ သံအမတ်သစ်နဲ့ တွေ့ဆုံ


2014.11.24

မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်မယ့် Nicholas Coppel ဟာ သြစတြေးလျမှာရှိတဲ့ မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့တွေနဲ့ ဆစ်ဒနီမြို့က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒီနေ့တွေ့ဆုံပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို မေးမြန်းဆွေးနွေးခဲ့ပါတယ်။

သြစတြေးလျမှာရှိတဲ့ မြန်မာ့အရေးလှုပ်ရှားတဲ့ အဖွဲ့စည်းတွေရဲ့ လက်ရှိမြန်မာနိုင်ငံ အခြေနေအပေါ် သုံးသပ်ချက်တွေကို မေးမြန်းခဲ့တယ်လို့ သြစတြေးလျ မြန်မာရုံးအဖွဲ့က ဒေါက်တာမြင့်ချိုက ပြောပါ တယ်။

"ကျနော်တို့ အဓိကတင်ပြတာကတော့ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေတွေအပေါ်မှာ ကျနော်တို့ရဲ့ သုံးသပ်ချက်တွေကို အရင်ဆုံးရှင်းပြတာပေါ့လေ၊ အဓိကကတော့ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရက တစုံတရာပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပေမယ့်လည်း လွန်ခဲ့တဲ့ ၂ နှစ်လောက်နေကတည်းက ရပ်တန့်သွားပြီးတော့နော် လုပ်ထားတဲ့ ပြုပြင်ပြောင်းလဲရေးတွေကလည်း အများစုပြည်သူလူထုအတွက် အကျိုးမရှိပဲနဲ့ လက်တစ်ဆုပ်စာ စီးပွားရေးသမားတွေ၊ အပေါင်းအပါတွေကို အကျိုးရှိတယ်ဆိုတာကို မြင်ရတဲ့အကြောင်းပေါ့လေ၊ ဒါကြောင့်မို့ ရှေ့အလားအလာမှာလည်း တော်တော်လေး စိတ်ပူစရာကောင်းတယ်ဆိုတာကို ပြောပြတယ်"

ဒီလိုတွေ့ဆုံရာမှာ ပြည်တွင်းမှာ တောင်းဆိုနေတဲ့အတိုင်း ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေး ပြဿနာတွေ ပြေလည်သွားဖို့ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အကောင်ထည်ဖော်ဖို့ သံအမတ်ကြီးနဲ့ သြစတြေးလျ အစိုးရကနေ သမ္မတဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ကို တိုက်တွန်းပေးဖို့လည်း တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့တွေ့ဆုံပွဲကို သြစတြေးလျ မြန်မာကောင်စီ၊ သြစတြေးလျ မွန်အဖွဲ့စည်း၊ သြစတြေးလျ ကရင်အဖွဲ့စည်း၊ သြစတြေးလျ မြန်မာမွတ်စလင်အသင်း၊ သြစတြေးလျအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ စတဲ့ အဖွဲ့စည်းတွေ တက်ရောက်တယ်လု့ိ သိရပါ တယ်။

မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်မယ့် Mr. Coppel ဟာ ၂ဝ၁၅ ဇန်နဝါရီမှာ မြန်မာနိုင်ငံကို သံအမတ်အဖြစ် ရောက်ရှိမယ်လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။