လက်ပံတန်းမြို့နယ်မှာ ပေါ်တာခေါ်ဖို့ ပြောဆိုခံရကြောင်း ဒေသခံတွေပြော

2021.08.31
လက်ပံတန်းမြို့နယ်မှာ ပေါ်တာခေါ်ဖို့ ပြောဆိုခံရကြောင်း ဒေသခံတွေပြော စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၂၀၂၁၊ မတ် ၂၅ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ရစဉ်
Photo: RFA

ပဲခူးတိုင်း၊ အနောက်ခြမ်း လက်ပံတန်းမြို့နယ်ထဲက ရွာတစ်ရွာကို ဩဂုတ်လ ၂၃ ရက်နေ့ ညက စစ်ကောင်စီ အဖွဲ့ဝင်တွေ ရောက်လာပြီး ပေါ်တာအတွက် လူအယောက် ၃၀ လောက်ပေးဖို့ ရွာရဲ့ အုပ်ချုပ်ရေးမှူးဆီမှာ တောင်းခဲ့တယ်လို့ ဒေသခံရွာသားတွေက RFA ကို ဒီကနေ့ ပြောပါတယ်။

အုပ်ချုပ်ရေးမှူးက သူ့အတွက် အန္တရာယ်ရှိလို့ သူ့အနေနဲ့ မပေးနိုင်ကြောင်းနဲ့ လိုချင်ရင်လည်း ကိုယ့်ဘာသာ ကိုယ်သာဆွဲလို့ ပြောတာကြောင့် တစ်ညအိပ်ပြီး နောက်နေ့မနက်မှာ ပြန်သွားကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ပေါ်တာအတွက် လူလာတောင်းခံရတဲ့ ကျေးရွာအမည်ကို RFA က သိရှိထားပေမယ့် လုံခြုံရေးအရ ရွာအမည်ကို ဖော်ပြနိုင်ခြင်း မရှိပါဘူး။

ဩဂုတ်လ ၂၆ ရက်နေ့မှာတော့ လက်ပံတန်းမြို့ပေါ်မှာ ကိုဗစ်-၁၉ အတွက် နှာခေါင်းတို့ပတ်ယူ စစ်ဆေးမယ် ဆိုတာကြောင့် သွားကြတဲ့ ဒေသခံပြည်သူအယောက် ၅၀ ခန့်ကို စစ်ကောင်စီဘက်က ကားတွေနဲ့တင်ပြီး ဖမ်းခေါ်ဆောင်သွားတယ်လို့လည်း ဒေသခံက ဆက်ပြောပါတယ်။

ကားပေါ်ကို ဖမ်းဆီးခံရချိန် တစ်ယောက် ၃၀၀၀၀ ကျပ်ပေးနိုင်တဲ့သူတွေသာ ပြန်လွှတ်ပေးပြီး ကျန်တဲ့ သူတွေကို သာယာ၀တီ အကျဉ်းထောင်ဘက်ကို ခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။

ဒီလိုဖြစ်ရပ်တွေကြောင့် ပေါ်တာအတွက် လာတောင်းခံရတဲ့ရွာက ပြည်သူတွေဟာ စိုးရိမ်နေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။