မြန်မာ့အရေး ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ အာဆီယံကိုယ်စားလှယ်တွေ ဆွေးနွေး

2022.09.23
မြန်မာ့အရေး ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ အာဆီယံကိုယ်စားလှယ်တွေ ဆွေးနွေး ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၃ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကို တွေ့ရစဉ်။
Photo: AFP

မြန်မာ့အကျပ်အတည်းပြေလည်ရေးအတွက် အထူးကိုယ်စားလှယ်ကိုပံ့ပိုးဖို့နဲ့ လူသားချင်း စာနာမှု အကူအညီတွေတိုးပေးဖို့ အာဆီယံခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြတယ်လို့ ဖနွမ်းပင်ကလာတဲ့ သတင်းတစ်ပုဒ်မှာ ဒီနေ့ ဖော်ပြထားပါတယ်။

၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကိုတက်ဖို့ အမေရိကန်ပြည်ထောင်စု နယူးယောက် မြို့ကိုရောက်နေတဲ့ အာဆီယံခေါင်းဆောင်တွေဟာ စက်တင်ဘာလ ၂၂ ရက်နေ့က လာမယ့် နိုဝင်ဘာ ၁၀ ရက်ကနေ ၁၃ ရက်ထိကျင်းပမယ့် အာဆီယံ ညီလာခံ ကိစ္စ ဆွေးနွေးရင်း အလွတ်သဘော ပြောဆိုကြတာလို့ဆိုပါတယ်။ မြန်မာနဲ့ပတ်သက်လို့ ဆွေးနွေးမှုကို အလေးပေးတဲ့ ဝန်းကျင်တစ်ခု တည်ဆောက်ဖို့နဲ့ အာဆီယံအနေနဲ့ အကျိုးရှိတဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ဆောင်ရွက်ဖို့ ပြောဆိုကြပါတယ်။

အဲဒီအပြင် မြန်မာပြည် အခြေအနေကို အထူးစိုးရိမ်နေတဲ့အကြောင်း ထုတ်ဖော် ပြောဆို ကြပါတယ်။ စစ်ကောင်စီနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော် ဆောင်ရွက်အောင် ဆက်ပြီး တွန်းအားပေးဖို့၊ အထူးသဖြင့် အာဆီယံ အထူးကိုယ်စားလှယ် ဆောင်ရွက်နေတာတွေ အကျိုးဖြစ်ထွန်းလာအောင် ဝိုင်းကူညီကြဖို့နဲ့ မြန်မာပြည်ကို လူသား ချင်းစာနာမှု အကူအညီတွေတိုးပေးဖို့ သဘောတူကြပါတယ်။

မြန်မာနဲ့ပတ်သက်လို့ အကျပ်အတည်း ပြေလည်အောင်ဆောင်ရွက်တဲ့အခါမှာ ပြည်သူတွေ အကျိုးအတွက် အာဆီယံအနေနဲ့ အခုထက်ပိုပြီးဇွဲရှိရှိ၊ တက်တက်ကြွကြွ ဆောင်ရွက် သင့်တယ်လို့ ဗီယက်နမ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Hà Kim Ngọc (ဟာကင်ညေ့ာ) ကပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။